ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရေတိုက်စားပြီး ရေလည်တိုင်နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားနှင့် ရထားလမ်းတာပေါင် ရေတိုက်စားသည့်နေရာများ ကြည့်ရှုစစ်ဆေး

 

ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရေတိုက်စားပြီး ရေလည်တိုင်နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားနှင့် ရထားလမ်းတာပေါင် ရေတိုက်စားသည့်နေရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  အောက်တိုဘာ  ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည် - ပုဂံရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး တံတားရေလည်တိုင်   နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့်    တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏    အခြေအနေကို ယနေ့တွင် သွားရောက်စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြည်-ပုဂံ ရထားလမ်းပိုင်း၊ ဆတ်သွား-ပရပ်ကြယ်ကြားရှိ တံတားအမှတ်-၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏ တံတားရေလည်တိုင် အမှတ် (၂) နှင့် အမှတ် (၃) တို့ နိမ့်ကျမှု ဖြစ်ပွားခဲ့မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး   ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်ကို အမြန်ဆုံး ဆောင်ရွက်ရန်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျစုဖွဲ့အသုံးပြု၍ စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက်   ဒုတိယဝန်ကြီးသည် ပရပ်ကြယ် - ကိုးပင်ကြားရှိ ရထားလမ်း တာပေါင် ရေတိုက်စားမှုများနှင့် ကိုးပင် - လှေဝန်းအကြားရှိ တံတားအမှတ် - ၂၈၈ ၏ ကမ်းကပ်ခုံ မြေကာနံရံပြိုလဲမှု ဖြစ်ပေါ်ခဲ့သည့်   အခြေအနေများကို စစ်ဆေးပြီး ရေများပြန်လည်ကျဆင်းသွားပါက ရေတိုက် စားခံရသည့် တာပေါင်နေရာများ သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းခင်းကျောက်များ ပြန်လည်ဖြည့်သွင်းပြီး စနစ်တကျ ပတ်ကင်ရိုက်ခြင်း၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး   စနစ်တကျပြန်လည်စစ်ဆေး ပြုပြင်ခြင်းများ   ဆောင်ရွက်သွားရန်နှင့် ရထားလမ်း   အမြန်ပြန်လည် ဖွင့်လှစ်၍ ရထားပြန်လည် ပြေးဆွဲနိုင်ရေး မြန်မာ့မီးရထားရုံးချုပ်မှ  လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးသွားရန်တို့ကို    ဆွေးနွေးမှာကြားသည်။

ယင်းနောက် အဆိုပါလမ်းပိုင်းရှိ ပြလို့ - ထောက်ကြံ့တိုင်ဘူတာအကြားရှိ မအူခုံတောင်ကြားတွင်   ဖောက်လုပ်ထားသည့် ရထားလမ်းပိုင်းသည် မိုးရာသီတွင် ရွှံ့မြေများပြိုကျပြီး လမ်းပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်လျက်ရှိပြီး ရထားမတော်တဆမှုများနှင့် ကြန့်ကြာမှုများ မကြာခဏကြုံတွေ့နေရသဖြင့်  လမ်းပိတ်ဆို့မှုများ ထပ်မံမဖြစ်ပွား စေရေး မြေထိန်းနံရံ(Gabion Retaining Wall) ဖြင့် ပြုပြင်တည်ဆောက်နိုင်မည့် အခြေအနေတို့ကို သွားရောက်စစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြဝတီ