ပြည်ခရိုင်အတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် လှည့်လည် ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၃
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ပြည်ရေနံမြေ အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာက ရေနံမြေဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ရေနံမြေတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြု ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် အဖျက်အမှောင့်လုပ်ငန်းများ မရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပန်းတောင်းမြို့နယ်ရှိ ကုန်းတွင်းလုပ်ကွက်တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတို့ ပူးပေါင်း၍ဆောင်ရွက်လျက်ရှိသော အစမ်းတွင်းအမှတ်(၁)နေရာသို့ ရောက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမိုတိုးတက်ထုတ်လုပ်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်မြို့ ဆည်မြောင်းဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ပြည်ခရိုင် စက်သုံးဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ဥသျှစ်ပင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတောင်းမြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ဥသျှစ်ပင်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံစဉ် တက်ရောက်လာသည့် လုပ်ငန်းရှင်များက မိမိတို့မြို့နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းပေးနေသည့် အခြေအနေ ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လက်ရှိအခြေအနေတွင် ပြည်တွင်းစက်သုံးဆီ ထုတ်လုပ်မှုသည် RON 68၊ 77 တို့သာထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းသုံးစွဲမှု လုံလောက်မှုမရှိပါသဖြင့် ပြည်ပမှဝယ်ယူတင်သွင်းမှုကို မှီခိုနေရကြောင်း၊ အဆိုပါ အခြေအနေကို ကျော်လွှားနိုင်ရေး ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရေနံချက်စက်ရုံစီမံကိန်းများ ပြီးစီးပါက စက်သုံးဆီများကို
ဈေးနှုန်းသက်သာစွာဖူလုံစွာ ဝယ်ယူအသုံးပြုခွင့်ရရှိကြမည် ဖြစ်ကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များ အနေဖြင့်လည်း အများပြည်သူများသို့ သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိစေရန်လိုအပ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေမှုအခြေအနေ၊ အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိမရှိ ဌာနပိုင် Mobile Fuel Lab ဖြင့် စစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီ
