ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့

“မကရလပြာသို၊ မြခွာညိုနွယ်ပန်း၊ ညှာစိုစိုဝေလန်းလို့၊ ရွှေမကန်းမြူးပျော်” သောလရာသီကား ပြာသိုလ ဖြစ်သည်။ “ပုဏ္ဏမာ ဖုသျှငယ်ဟုန်စန္ဒာနှင့် မှုန်ပြာပြာ ဝဠာတွင်းမှာလ ငွေပုစွန်တာရာလင်းတယ် နှင်းမြူပိတ်ဖုံး” ဟူ၍လည်း ပြာသိုဆောင်းလလယ်၏ရာသီ

ဓလေ့ကို  တွေ့ရှိရမည်ဖြစ်သည်။  ပြာသိုလပြည့်ညဉ့်နက်သန်းခေါင်တွင်  လသည်  ဖုသျှနက္ခတ်နှင့် တောင်မြောက် ယှဉ်ပြိုင်ထွန်းလင်းလျက် မွန်းတည့်သည်။ ပြာသိုလ၏ လပြည့်နေ့သည် ရှင်တစ်ထောင် အခါတော်နေ့အဖြစ်   ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော နေ့ထူးနေ့မြတ်ဖြစ်သည်။ 

ဂေါတမမြတ်စွာဘုရားရှင်သည် ဤကမ္ဘာမှပြန်၍ရေသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် ဒီပင်္ကရာ ဘုရားလက်ထက် သုမေဓာပုဏ္ဏားဘဝနှင့် နုစဉ်အခါက ကုဋေအရာမက များပြားလှစွာသော ဥစ္စာပစ္စည်းအခြွေအရံတို့ကို စွန့်ပစ်ကာတောထွက်၍ ရသေ့ရဟန်းပြုတော်မူပြီးလျှင် ဒီပင်္ကရာဘုရား ပွင့်တော်မူ၍ ရမ္မာဝတီပြည်သို့ ကြွလာတော်မူသောကာလ လမ်းခရီးတွင် တာငန်းပြု၍ ပူဇော်အံ့သောငှာ  ကြိုးစားပါသော်လည်း တာငန်းမပြီးလေရကား  မိမိကိုယ်ကိုတံတားခင်း၍ ဘုရားဆုကိုတောင်းတော်မူ သောအကြောင်းအရာများကို အင်းဝခေတ်စာဆိုရှင် မဟာသီလဝံသက ဗုဒ္ဓဝင်ပါဠိတော်မှထုတ်နုတ်၍  ဆုတောင်းခန်းပျို့ကို ရေးဖွဲ့ခဲ့သည်။

            “ဝါဆိုခါ၌၊ ဗာရာဏသီ၊ ပြည်ကိုမှီ၍၊ ဝဂ္ဂီငါးယောက်၊ ရှင်တို့မှောက်ဝယ်၊ ကြားချောက်ဘဝဂ်၊ ဓမ္မစက်ကို၊သံမြွက်ဝှဲချီး၊ ဟောပေပြီးမှု၊ ချေချွတ်ပြုမှ၊ ဥရုဝေလ၊ ကဿပက၊ စသည့်ညီနောင်၊ ရှင်တစ်ထောင်ကို တိမ်တောင်မိစ္ဆာ၊ ဒိဋ္ဌိခွာ၍၊  အရာနောက်တော်၊ ပါအောင်ခေါ်ပြီး၊ ပြည်ကျော်နဂိုရ်၊ ရာဇဂြိုဟ်တွင်၊ ရောက်တုံကျင်မှ” စသည့်အဖွဲ့သည် အလွန်တရာကျယ်ဝန်းလှသော ဂေါတမဗုဒ္ဓဝင် အကြောင်း အရာများကို ရုံးချဉ်းဉာဏ်မြင့်သြဇာဂုဏ်မြောက်အောင် ဖွဲ့ဆိုထားသည်။

ဤအဖွဲ့၌ ဥရုဝေလကဿပညီနောင်နှင့်ရှင်တစ်ထောင်တို့ကို ချေချွတ်ပုံလည်း ပါရှိပေသည်။ ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်အခါက ရသေ့ညီနောင်ရှင်တစ်ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏ အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့ ကူးပြောင်းရောက်ရှိသည်ကိုအကြောင်းပြု၍  ပြာသိုလပြည့်နေ့ တွင် ရှင်တစ်ထောင်အခါတော်နေ့ကျင်းပရခြင်းဖြစ်သည်။ မြတ်စွာဘုရားသည် မဟာသက္ကရာဇ်  ၁၀၃ ခုနှစ်  ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကိုချွတ်ရန်  ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် ရောက်တော်မူပါသည်။

ပြာသိုလပြည့်နေ့အထိ နှစ်လကြာမျှ ဥရုဝေလတောတွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့သည်။ ထိုအချိန်ကာလက ဥရုဝေလတောတွင် အစ်ကိုကြီး ဥရုဝေလကဿပခေါင်းဆောင်သော ရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီကဿပခေါင်းဆောင်သော ရသေ့ ၃၀၀၊ ညီအငယ် ဂယာကဿပခေါင်းဆောင်သောရသေ့ ၂၀၀ တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိကြသည်။

မြတ်စွာဘုရားက ဥရုဝေလကဿပထံ နေခွင့်တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်တွင် နေခွင့်ပေးသည်။  မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့်နှိမ်နင်းပြရာ ဥရုဝေလကဿပနှင့် ရသေ့များက  အံ့သြသွား ကြသော်လည်း  မိမိကိုယ်မိမိ ရဟန္တာဟုအထင်ရောက်နေသူ  ဥရုဝေလကဿပရသေ့ကြီးသည် ငါလိုတော့ ရဟန္တာမဟုတ်သေးဘူးဟု တွေးထင်နေသည်။ စတုမဟာရာဇ်နတ်မင်းကြီးလေးဦး၊ သိကြားမင်းနှင့်  သဟမ္ပတိဗြဟ္မာကြီးတို့ မြတ်စွာ

ဘုရားအား လာရောက်ဖူးမြော်ခြင်းကိုတွေ့မြင်ရသည့်အခါ တန်ခိုးတော့ကြီးတယ်၊ ငါလိုတော့  ရဟန္တာမဟုတ် သေးဘူးဟု အထင်ရောက်ပြန်သည်။ အခါမဲ့မိုးကြီးရွာသွန်းသောအခါ ဥရုဝေလတောကြီး တစ်ခုလုံးရေလွှမ်း သွားသော်လည်း မြတ်စွာဘုရားအနားသို့ ရေမရောက်ဘဲ စင်္ကြံကြွနေခြင်းကို မြင်တွေ့သဖြင့် အံ့သြစိတ် များဖြစ်လင့်ကစား ရှေးနည်းတူ “ငါလိုတော့ ရဟန္တာမဟုတ်သေးဘူး” ဟု အထင်ရှိနေပြန်သည်။

သို့ဖြစ်ရာ မြတ်စွာဘုရားက တန်ခိုးပြာဋိဟာ အမျိုးမျိုးပြပြီး စည်းရုံးယူရလေသည်။ ရသေ့များဣန္ဒြေရင့်ကျက် လောက်သည့်အခါ  

            “အို ဥရုဝေလကဿပကြီး သင်သည် အာသဝေါကုန်ခန်း ရဟန္တာမဟုတ်သေး၊ သင်သည်   အရဟတ္တမဂ်ရသူ  မဟုတ်သေး၊ သင်သည် အရဟတ္တမဂ်အရဟတ္တဖိုလ်ရနိုင်ရန် မှန်ကန်သော အကျင့်မရှိသေး” ဟူသော စကားသုံးခွန်းကို အချက်မိမိဖြင့် ကဿပကြီးအား ထောက်ပြလိုက်သည်။ ဤစကားသုံးခွန်းကို  ကြားလိုက်ရုံမျှဖြင့် ဥရုဝေလကဿပကြီး အလျှော့ပေးကာ နောက်ပါတပည့် ၅၀၀ နှင့်တကွ မြတ်စွာဘုရား ထံပါး ရဟန်းပြုခွင့်တောင်းတော့သည်။ မြတ်စွာဘုရားက ဘိက္ခဝေါ-ရဟန်းတို့၊ ဧထ-လာကြကုန် လော့ဟူသော စကားတော်ကို မိန့်ကြားကာမျှဖြင့် အားလုံး ဧဟိဘိက္ခုရဟန်းများချည်းဖြစ်ကုန်ကြသည်။

ကဿပညီနောင်သုံးဦးအနက်  အလတ်ဖြစ်သော ကဿပအား  နေရဉ္ဇရာမြစ်ကမ်းတစ်နေရာတွင်  နေထိုင်သည်ကို အစွဲပြု၍ နဒီကဿပဟုခေါ်ဆိုသည်။ နဒီကဿပသည် နောက်လိုက်နောက်ပါရသေ့ ၃၀၀  ခြံရံပြီးနေထိုင်သော ဂိုဏ်းဆရာကြီးဖြစ်၏။ မြတ်စွာ ဘုရားနှင့်မတွေ့မီက အေးသောအချိန်တွင် ရေငုပ်၊  ပူသောအချိန်တွင်မီးလှုံစသော ပဉ္စာတပအကျင့်များကို ကျင့်နေသည့်အဖွဲ့ဖြစ်သည်။ အစ်ကိုကြီး  ဥရုဝေလ ကဿပနှင့်တပည့်၅၀၀ တို့ရဟန်းပြုခါနီး ရသေ့အသုံး အဆောင်များ မြစ်ထဲမျှောချလိုက်သဖြင့် မျောပါလာ သောပစ္စည်းများကိုကြည့်၍  အန္တရာယ်ကြုံနေရော့ သလားဟု ပူပန်စိတ်ဖြင့် ဥရုဝေလတောသို့ တစ်ဖွဲ့လုံး လိုက်လာကြ၏။  ရဟန်းအဖြစ် ဖူးမြော်ရသောအခါ  များစွာအံ့သြသွားကြ၏။ အစ်ကိုကြီးဥရုဝေလကဿပက  ရသေ့ဘဝထက် ရဟန်းဘဝက ပိုပြီးမြင့်မြတ်ကြောင်း ရှင်းပြသည်။ သို့ဖြင့် နဒီကဿပနှင့်နောက်ပါတပည့် ၃၀၀ တို့သည်လည်း  မြတ်စွာဘုရားက ခွင့်ပြုသဖြင့်  အားလုံးဧဟိဘိက္ခုရဟန်းများ   ဖြစ်ကုန်ကြသည်။  အလားတူ အငယ်ဆုံးဂယာကဿပနှင့်နောက်ပါတပည့်  ၂၀၀ သည်လည်း မြတ်စွာဘုရားက  ခွင့်ပြုသဖြင့်  ဧဟိဘိက္ခုရဟန်းများချည်းဖြစ်ကုန်ကြလေသည်။  ကဿပညီနောင်သုံးဦးနှင့် တပည့်ရသေ့ ၁၀၀၀  တို့ကို မြတ်စွာဘုရားက စည်းရုံးရာတွင် ရသေ့များခွဲ၍  မကွဲသောထင်းတုံး ၅၀၀ ကို တစ်ပြိုင်နက်ကွဲစေခြင်း၊ ရသေ့များ  မွှေးမရသောမီးကို   တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များငြှိမ်း၍မရသော  မီး ၅၀၀ ကို တစ်ပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း  ၅၀၀ ကို တစ်ပြိုင်နက်ဖန်ဆင်းခြင်း စသော တန်ခိုး တော်များ ကိုပြသတော်မူရာတွင် တန်ခိုးတော် စုစုပေါင်း  ၃၅၁၆ မျိုး ပြသသည်ဟုအဆိုရှိပေသည်။ မြတ်စွာဘုရား က ကဿပညီနောင်သုံးဦးနှင့် တပည့်ရဟန်း ၁၀၀၀ တို့ကို ပြာသိုလပြည့်နေ့တွင် ဆင်ဦးကင်းနှင့်တူသည့် ဂယာသီသကျောက်ဖျာကြီးပေါ်မှာ အာဒိတ္တပရိယာယသုတ္တန်ကို ဟောကြားတော်မူရာ အားလုံးရဟန္တာများ ဖြစ်သွားကြလေသည်။

သံယုတ်ပါဠိတော်နှင့် ဝိနည်းမဟာဝါ ပါဠိတော်၌လာရှိသော အာဒိတ္တပရိယာယသုတ် မြန်မာပြန်တွင်

၁။ ရဟန်းတို့ သံချောင်းပူဖြင့် မျက်စိကိုထိုးဖောက်ခြင်းသည် မြတ်သေး၏။ မျက်စိဖြင့် အဆင်းကိုကြည့်၍ သာယာခြင်းသည်မမြတ်။  ယင်းသို့သာယာသော် သေသောအခါ  ငရဲဘုံသို့ဖြစ်စေ၊  တိရစ္ဆာန်ဘုံသို့ဖြစ်စေ ကျရောက်တတ်၏။

၂။ သံချွန်ပူဖြင့် နားကိုထိုးဖောက်ခြင်းသည် မြတ်သေး၏။ နားဖြင့်အသံကိုကြား၍ သာယာခြင်းသည်မမြတ်။ ယင်းသို့သာယာသော် သေသောအခါ ငရဲဘုံသို့ဖြစ်စေ၊ တိရစ္ဆာန်ဘုံသို့ဖြစ်စေ ကျရောက်တတ်၏။

၃။ ထက်စွာသော သံပူဓားဖြင့် နှာခေါင်းကိုထိုးဖောက်ခြင်းသည် မြတ်သေး၏။ နှာခေါင်းဖြင့်အနံ့ကိုရှူ၍ သာယာခြင်းသည်မမြတ်။ ယင်းသို့သာယာသော် သေသောအခါ ငရဲဘုံသို့ဖြစ်စေ၊ တိရစ္ဆာန်ဘုံသို့ဖြစ်စေ ကျရောက်တတ်၏။

၄။ ထက်စွာသော သံပူသင်တုန်းဓားဖြင့် လျှာကိုလှီးဖြတ်ခြင်းသည် မြတ်သေး၏။ လျှာဖြင့်အရသာကိုလျက်၍ သာယာခြင်းသည်မမြတ်။ ယင်းသို့သာယာသော် သေသောအခါ ငရဲဘုံသို့ဖြစ်စေ၊ တိရစ္ဆာန်ဘုံသို့ဖြစ်စေ ကျရောက်တတ်၏။

၅။ ထက်စွာသော သံပူလှံဖြင့် ကိုယ်ကာယကို ထိုးဆွခြင်းသည် မြတ်သေး၏။ ကိုယ်ဖြင့် အတွေ့ကို သာယာခြင်းသည် မမြတ်။ ယင်းသို့ သာယာသော် သေသောအခါ  ငရဲဘုံသို့ဖြစ်စေ၊  တိရစ္ဆာန်ဘုံ သို့ဖြစ်စေ  ကျရောက်တတ်၏။

၆။ အိပ်ပျော်နေခြင်းသည် မြတ်သေး၏။ စင်စစ်သော်ကား အိပ်ပျော်နေခြင်းကို  အသက်ရှင်နေထိုင် သူတို့၏ အမြုံ(အကျိုးမဲ့) (တွေဝေမှု)ဟူ၍ ဆိုအပ်၏ ဟူ၍ပါရှိသည်။ မျက်စိ-မြင်သိစိတ်-မမြဲ။ နား- ကြားသိစိတ်-မမြဲ။ နှာခေါင်း- နံသိစိတ်-မမြဲ။ လျှာ-လျက်သိစိတ်-မမြဲ။ ကိုယ်-ထိသိစိတ်-မမြဲ။ စိတ်-ဝိညာဏ်-မမြဲဟူသော ဝိပဿနာတရားသဘောကို ပြညွှန်းနေရာ ဝိပဿနာရှုပွားသူတို့အတွက် တန်ဖိုးထိုက်တန်လှပေသည်။

ရှင်တစ်ထောင်အခါတော်နေ့ ဗုဒ္ဓဝင်သမိုင်းတွင် အစ်ကိုကြီးဥရုဝေလကဿပအပါအဝင် ရသေ့အားလုံး ကိလေသာ ခေါင်းပါးရန် မီးလှုံခြင်း၊ ရေငုပ်ခြင်း စသော ပဉ္စာတပအကျင့်များ ကျင့်ကြံနေကြပုံ၊ကျင့်ကြံပုံမှာ ဆီးနှင်းများဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာသိုလအတွင်း သတ်မှတ်ရက်ရှစ်ညတွင် နေရဉ္ဇရာ မြစ်အတွင်းသို့သက်ဆင်းကာ ရေငုပ်ကြပုံ၊ မြတ်စွာဘုရားက ရသေ့များ အအေးဒဏ်မှသက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော်မူပုံတို့ကို မှတ်သားရပါသည်။

မဟာဗုဒ္ဓဝင် ဒုတိယတွဲတွင် ဆရာတော်ဦးဝိစိတ္တက အန္တရဋ္ဌက လေးမျိုးအကြောင်း ဤသို့ပြဆိုပါ သည်။ လနှစ်လအကြား ရှစ်ရက်ကာလကို အန္တရဋ္ဌကဟုခေါ်ဆိုသည်။ ယင်းတို့မှာ

၁။ တန်ဆောင်မုန်းလ၏ အဆုံးလေးရက်နှင့် နတ်တော်လအစလေးရက်၊ ဤကြားကာလရှစ်ရက်ကို ယူရသော ပထမအန္တရဋ္ဌက၊

၂။ နတ်တော်လ၏အဆုံးလေးရက်နှင့် ပြာသိုလ၏ အစလေးရက်၊ ဤကြားကာလရှစ်ရက်ကိုယူရသော ဒုတိယအန္တရဋ္ဌက၊

၃။ ပြာသိုလ၏ အဆုံးလေးရက်နှင့် တပို့တွဲလ၏ အစလေးရက်၊ ဤကြားကာလရှစ်ရက်ကိုယူရသော တတိယအန္တရဋ္ဌက၊

၄။ တပို့တွဲလ၏အဆုံးလေးရက်နှင့် တပေါင်းလ၏ အစလေးရက် ဤကြားကာလရှစ်ရက်ကိုယူရသော စတုတ္ထ အန္တရဋ္ဌက တို့ဖြစ်သည်။

အန္တရဋ္ဌကလေးမျိုးအနက်-

(           က        )           ကဿပညီနောင်နှင့် ရသေ့များအား ချေချွတ်ရန် ဥရုဝေလတော၌   တန်ဆောင်မုန်းလပြည့်မှ ပြာသိုလအထိ မြတ်စွာဘုရားသီတင်းသုံးတော်မူခြင်း။

(           ခ          )           ကဿပညီနောင်နှင့်တပည့်များ ပြာသိုလအတွင်း အလွန်အေးသောဆောင်းည၌  နေရဉ္ဇရာမြစ်အတွင်း ရေငုပ်ခြင်း။

(           ဂ          )           ဥရုဝေလကဿပနှင့်တပည့်များအတွက် မြတ်စွာဘုရားက မီးအိုးကင်း ၅၀၀ ဖန်ဆင်းပေးခြင်း။

(           ဃ        )           ပြာသိုလပြည့်နေ့တွင် အာဒိတ္တပရိယာယသုတ္တန်ကို နာကြားရ၍ ရှင်တစ်ထောင် ရဟန္တာဖြစ်ခြင်း ဟူသော   အကြောင်းအချက်များကိုထောက်၍ ရှင်တစ်ထောင်ချွတ်ပွဲသည် ဒုတိယအန္တရဋ္ဌက  ဖြစ်သင့်ကြောင်း သိထိုက်ပေသည်။

ဤသို့မှတ်သားထိုက်သော ကဿပညီနောင် ရှင်တစ်ထောင်တို့ ကျွတ်တမ်းဝင်ပုံကို နှလုံးသွင်း၍ မြတ်စွာဘုရားအား အလွန်အေးမြသောပြာသိုလတွင် အမွှေးနံ့သာမီးဖြင့် အန္တရဋ္ဌက အထိမ်းအမှတ်လ မီးပူဇော်ကုသိုလ်ယူလျက် ဖြစ်ပေါ်လာသော ရုပ်နာမ်မှန်သမျှ ပျက်စီးတတ်သောသဘောရှိတာမို့ အရာရာမှာ သတိနဲ့နေကြဟူသော မြတ်စွာဘုရား၏နောက်ဆုံးစကားအတိုင်း တရားသတိ အစဉ်လက်ကိုင်ထား ကျင့်ကြံ နေထိုင်အပ်ကြောင်း ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ရေးသား တိုက်တွန်းလိုက်ရပါသည်။   ။

ပါမောက္ခခိုင်ခိုင်ရီ