ကထိန်အလှူပွဲနှင့် အကျိုးတရားများ

 

ကထိန်အလှူပွဲနှင့် အကျိုးတရားများ

 

      ယခုကာလသည် သီတင်းကျွတ်ကာလသို့ ရောက်လာပြီဖြစ်ရာ မြန်မာတို့၏ရိုးရာ ကောင်းမှုအလှူပွဲတစ်ခုဖြစ်သည့် ကထိန်အလှူပွဲကျင်းပချိန်ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော်   တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကို ကထိန်ခင်းနိုင်သည့်ကာလအဖြစ် ဘုရားရှင်က   သတ်မှတ်ပေးခဲ့သည်။  

ထို့ကြောင့် မြန်မာလူမျိုးတို့သည် သီတင်းကျွတ်ချိန်မှစ၍  တန်‌ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းတွင်  နိုင်ငံအနှံ့အပြား၌ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်။  

ကထိန်သင်္ကန်း  ဆက်ကပ်လှူဒါန်းသည့် ဓလေ့ဖြစ်ပေါ်လာပုံကို အကျဉ်းမျှတင်ပြပါမည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်သည်။ အရညကင်ဓုတင်၊  ပိဏ္ဍပါတ်ဓုတင်၊ ပံသုကူဓုတင်၊ တိစီဝရိတ်ဓုတင်ဆောက်တည်ကြသော  ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ကိုဖူးမြော်ရန်  ပါဝေယျမြို့မှ  အလွန်ဝေးကွာလှသော သာဝတ္ထိပြည်သို့ကြွလာကြသည်။  ထိုသို့ကြွလာချိန်သည် ရဟန်းတော်များ ဝါဆိုရမည့်နေ့ရောက်ရှိလာချိန်ဖြစ်သဖြင့်    သာဝတ္ထိပြည်မရောက်မီယူဇနာ ၆၀ ကွာဝေးသော သာကေတဟူသည့်မြို့မှာပင်  ဝါဆိုလိုက်ကြရသည်။  

ဝါလကင်းလွတ်၍ဝါကျွတ်သည့်အခါ ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ရန် ဆက်လက်ကြွခဲ့ကြသည်။ ထိုသို့ကြွရာလမ်းခရီး၌ မိုးတွင်းကာလဖြစ်၍  ရဟန်းတော်တို့ ဝတ်ရုံထားသော သင်္ကန်းများသည် မိုးရေတို့ဖြင့်စိုရွှဲနေလေသည်။  ရဟန်းတော်များ  မြတ်စွာဘုရားထံရောက်သော် မြတ်စွာဘုရားက ရဟန်းတော်များကို ဝါတွင်းကာလတွင် ချမ်းချမ်းသာသာသီတင်းသုံးခဲ့ရပါသလားဟု မေးမြန်းပါသည်။   ရဟန်းတော်တို့က မိမိဆင်းရဲဒုက္ခရောက်ရပုံများကို ဘုရားရှင်ထံလျှောက်ထားကြရာ  မြတ်စွာဘုရားရှင်က ရဟန်းတော်များ နောင်တွင် ချမ်းသာစွာသီတင်းသုံးနိုင်ရန်   ပုရိမဝါကပ်ခြင်းနှင့်ပြည့်စုံသော (ဝါမကျိုးမပျက်ဘဲ ဝါကျွတ်လာသော)ရဟန်းတို့အား  ကထိန်ခင်းခွင့်ပြုခဲ့ပါသည်။  

ကထိန်သင်္ကန်းကပ်လှူမှုကို ခံယူခွင့်ရှိသောရဟန်းမှာ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ  ပဝါရဏာပြုသော   ရဟန်းသာလျှင်ဖြစ်သည်။  တစ်နည်းအားဖြင့် အကျင့်၊ သီလ၊ သိက္ခာနှင့်ပြည့်စုံသော  ရဟန်းသည်သာ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ခံခွင့်ရှိခြင်းဖြစ်သည်။   ကထိန်သင်္ကန်းကပ်လှူရာ၌  “ကထိန်ခင်းရန်၊  ထုတ်မိန့်ပြန်၊    သုံးတန်သင်္ကန်းမျိုး”ဟုဆိုသည့်အတိုင်း  ဒုကုဋ်သင်္ကန်း   ခေါ် နှစ်ထပ်သင်္ကန်းကြီး၊ ဧကသီ ခေါ် ကိုယ်ဝတ်သင်္ကန်းနှင့် သင်းပိုင် ခေါ် ခါးဝတ်သင်္ကန်းဟူသော ဘုရားခွင့်ပြုသည့်    သင်္ကန်းသုံးထည်တို့ကိုလှူဒါန်းနိုင်ပြီး   သံဃာတော်တို့    ကထိန်ခင်းခွင့်ရကြသည်။ 

မြတ်စွာဘုရားက  ဝိနည်းနှင့်ပြည့်စုံသည့်  ရဟန်းတော်တို့ကို ထိုသို့ကထိန်ခင်းခွင့် ပြုခဲ့သဖြင့် ကထိန်အကျိုးတရားငါးပါးကို ရဟန်းတော်တို့ရရှိသည်။ ယင်းအကျိုးငါးပါးကား ရဟန်းသည်  (၁)အထင်အရှားရှိသော ရဟန်းကိုမပန်ကြားဘဲ ဒါယကာ၊ ဒါယိကာမတို့၏နေအိမ်     အစရှိသော နေရာများသို့ သွားလာနိုင်ခြင်း (၂)မိမိနှင့်ကင်းကွာ၍မရသော တိစီဝရိတ်အဓိဋ္ဌာန် တင်ထားသည့်သင်္ကန်းကို မယူဆောင်ဘဲ သွားနိုင်ခြင်း   (၃)ဒါယကာ၊ ဒါယိကာမတို့၏ မဆီလျော်မအပ်စပ်သည့်  ဆွမ်းဖိတ်ကြားမှုကို လွတ်လပ်စွာသုံးဆောင်နိုင်ခြင်း (၄) အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုသောသင်္ကန်းကို ဆောင်ယူနိုင်ခြင်း (၅)ထိုကထိန်ခင်းသော ကျောင်း၌ လှူဒါန်းဖြစ်ပေါ် လာသမျှသော သင်္ကန်းမှန်သမျှကို သုံးစွဲခွင့်ရခြင်းတို့ဖြစ်သည်။  

ကထိန်ဟူသောစကားသည် ကထိနဟူသောပါဠိစကားမှ ဆင်းသက်လာသည်။   “ကထိန”မှ နငယ်ကိုတံခွန်လွှား၍ (မြန်မာလိုအသတ်ပြု၍)   ကထိန်ဟူ၍ဖြစ်လာခြင်းပင်။ ကထိန၏အဓိပ္ပာယ်မှာ ခိုင်မြဲခြင်း၊ မြဲမြံခြင်းဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို လက်ခံရရှိပြီး ကထိန်ခင်းခွင့်ရသည့် ရဟန်းသည် ဘုရားရှင်ပညတ်ထားသော ဝိနည်းသိက္ခာပုဒ်အချို့ကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ  ငါးလတိုင်တိုင် ကင်းလွတ်ခွင့်ရပါသည်။  

ထိုသို့အကျိုးအာနိသင်များကို ခိုင်ခိုင်မြဲမြဲရရှိစေသောကြောင့် ကထိန်ဟုခေါ်ဆိုခြင်းဖြစ်သည်။   ကျွန်ုပ်တို့လူပုဂ္ဂိုလ်များက မည်သည့်မြို့ရွာ၊   မည်သည့်ကျောင်းတိုက်တွင် ကထိန်ခင်းလှူဒါန်းမည်ဟု ပြောကြသော်လည်း အမှန်စင်စစ်   ကထိန်ခင်းသည့်အမှုကို  ရဟန်းတော်တို့ကသာ  ပြုလုပ်ရပါသည်။ ကျွန်ုပ်တို့ ဒါယကာ၊ ဒါယိကာမများက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုကိုသာ  ပြုနိုင်ပေသည်။   ရဟန်းတို့သည် အလှူရှင်လှူဒါန်းသည့်    သင်္ကန်းနှင့်သိမ်ဝင်လျက်  ကျောင်းတိုက်တွင်ရှိသည့် သံဃာတစ်ပါးအား သံဃာများ၏ သဘောတူညီချက်ဖြင့်ရွေးချယ်၍ သင်္ကန်းကိုအပ်နှင်းကာ ကမ္မဝါစာများရွတ်ဖတ်ကြားပေးကြရသည်။ သင်္ကန်းကို လက်ခံရရှိသည့် ရဟန်းသည်  မိမိဝါဆိုရာ ကျောင်းတိုက်တွင် ထိုသင်္ကန်းဖြင့် ကထိန်ခင်းရပါသည်။   

ရဟန်းသည် သင်္ကန်းကိုလက်ခံရရှိသည့်နေ့မှာပင်   နေ့ချင်းကထိန်ခင်းရသည်။    နောက်နေ့မှ ကထိန်ခင်းလျှင် ကထိန်အမှု အထမမြောက်တော့ပေ။ နေ့မကူးသော မသိုးသင်္ကန်းဖြင့် ကထိန်ခင်းရသည့်အပြင် ထိုသင်္ကန်းမဟုတ်ဘဲ အခြားသင်္ကန်းဖြင့်လည်း ကထိန်ခင်းမရပါ။ ကထိန်ခင်းရမည့်ရဟန်းသည် ဒါယကာ၊ ဒါယိကာမက မိမိသဒ္ဓါအလျောက်   ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမှုကို လက်ခံရရှိမှသာ ကထိန်ခင်းခွင့်ရပါသည်။   ရဟန်းသည် ဒါယကာ၊ ဒါယိကာမကို မိမိကျောင်း၌ကထိန်အလှူပြုရန်   တောင်းဆိုခွင့်၊ တိုက်တွန်းခွင့်မရှိပါ။  အလှူရှင်ကလည်း သံဃဿဒေမ-ဤသင်္ကန်းကို သံဃာရည်မှန်း လှူဒါန်းပါသည်ဆိုပါမှလည်း ကထိန်ခင်းခွင့်ရပြီး အကျိုးတရားများ မှန်မှန်ကန်ကန်ရရှိနိုင်သည်။  

ကထိန်အလှူသည်   တစ်နှစ်တွင် တစ်ခါသာ လှူဒါန်းခွင့်ရသည်။ ထိုတစ်ခါမှာလည်း  သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ  တန်ဆောင်မုန်းလပြည့်နေ့အထိ  တစ်လတာကာလအတွင်း၌သာ  လှူဒါန်းခွင့်၊ ကထိန်ခင်းခွင့်ရပါသည်။    ထိုတစ်လတာအတွင်း   တစ်ကျောင်း၌ တစ်ကြိမ်သာအခွင့်ရသည်။   ကထိန်ခင်းရန် ကျောင်းတိုက်တွင်သိမ်ရှိရမည်။ လေးပါးအထက်ရှိသော  ရဟန်းများရှိရမည်။   ထိုအချက်များပြည့်စုံမှသာ ကထိန်ခင်းမှုအထမြောက်အောင်မြင်ပါသည်။ ကထိန်အလှူကို  အမြင့်မြတ်ဆုံးအလှူဟု သတ်မှတ်ကြသည်။  အဘယ်ကြောင့်ဆိုသော် ကထိန်အလှူသည် ဘုရားအစရှိသော သူတော်ကောင်းတို့ချီးမွမ်းသော အလှူဖြစ်သောကြောင့်ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားသည်။ ကထိန်အလှူသည်  (၁)သံဃာကိုရည်မှန်းပြီး လှူဒါန်းသည့်     သံဃိကအလှူဖြစ်ရခြင်း (၂)သတ်မှတ်အချိန်ကာလအတွင်းမှာပင် လှူဒါန်းရသည့်  ကာလဒါနဖြစ်ခြင်း (၃)အခြားဝတ္ထုပစ္စည်းများ မဟုတ်ဘဲ အရဟတ္တဓဇ  ခေါ်  ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော အဝတ်သင်္ကန်းဖြင့်သာ   ကထိန်ခင်းနိုင်ခြင်း (၄) ယင်းအလှူကိုအကြောင်းပြု၍ ရဟန်းတော်များ ဝိနည်းသိက္ခာပုဒ်အချို့ကို ငါးလတိုင်တိုင်ကင်းလွတ်ခွင့်ရခြင်း ဟူသော ထူးခြားကောင်းမြတ်သည့်အချက်များနှင့်ပြည့်စုံသဖြင့်  အမြတ်ဆုံးအလှူဟု ခေါ်ဆိုနိုင်ပေသည်။  

ကထိန်အလှူ၏အကျိုးအာနိသင်ကို ရဟန်းတော်တို့   ရရှိခံစားရသကဲ့သို့  ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့် အလှူရှင်သည်လည်း အလားတူ  အကျိုးတရားငါးပါးရရှိပါသည်။ အလှူရှင်သည် အေးချမ်းလွတ်လပ်သော ဘဝမျိုးကိုရရှိပြီး သွားလိုရာကို    အန္တရာယ်ကင်းစွာ သွားလာနိုင်ခြင်း၊  အချုပ်အနှောင်မှ လွတ်ကင်းခြင်း၊ အစားအသောက်များကို အဆိပ်အတောက် အန္တရာယ်မရှိဘဲ စားသုံးနိုင်ခြင်း၊ မိမိကို သူတစ်ပါးက မလွှမ်းမိုးနိုင်ခြင်း၊ စားသောက်ဖွယ်ပေါများ၍ အလိုရှိသလို သုံးဆောင်နိုင်ခြင်း၊ မိမိကသာ နေရာတကာအစိုးရခြင်း   (အများက မိမိသဘောလိုက်ရခြင်း)ဟူသောအကျိုးတရားများ ရရှိစေနိုင်မည်ဖြစ်သည်။  

တန်ဆောင်မုန်းလတွင် သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်သည့်အပြင် မသိုးသင်္ကန်းရက်လုပ်၍ မြတ်စွာဘုရားကို ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်သည့် အစဉ်အလာလည်းရှိသည်။   လက်ရက်ကန်းခတ်သော လုံမပျိုများက မသိုးသင်္ကန်း ရက်လုပ်ကြကာ မြတ်စွာဘုရားရှင်ကို ရည်မှန်းလှူဒါန်းကြပါသည်။   မသိုးသင်္ကန်းဆိုသည်မှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ ညဦးမှစတင်ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် အပြီးသတ်ရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သည်။

အချိန်မီရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်၍လည်း မသိုးသင်္ကန်းဟု  ခေါ်ဝေါ်သမုတ်ကြသည်။   ကထိန်အလှူ၌   သင်္ကန်းကိုသာလှူဒါန်း၍ ကထိန်ခင်းရသော်လည်း အခြားလှူဖွယ်ပစ္စည်းများကိုလည်း သံဃာတော်များအလိုရှိရာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရှေးဘိုးဘွားများလက်ထက်မှစ၍  သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းလာခဲ့ရာ ယနေ့အချိန်အခါတွင် ပဒေသာပင်များပြုလုပ်၍   လှူဖွယ်ပစ္စည်းမျိုးစုံ ပူးတွဲလှူဒါန်းကြသည်။ ကထိန်အလှူရှင် တစ်ဦးတည်း လှူဒါန်းနိုင်သကဲ့သို့ အများစုပေါင်း၍ ဘုံကထိန်အဖြစ်လည်း လှူဒါန်းနိုင်သည်။ စာရေးသူတို့မြို့ရွာများတွင် စာသင်ကျောင်းကထိန်၊  စျေးကထိန်၊  ရပ်ကွက်ကထိန်၊  ရုံးကထိန်  စသည်ဖြင့်ဘုံကထိန်ပွဲများကိုကျင်းပလှူဒါန်းကြသည်။ လှူဖွယ်ပစ္စည်းပဒေသာပင်များနှင့်တကွ ပရိသတ်စုံလင်စွာဖြင့် မြို့ရွာအတွင်းလှည့်လည်ကာ အများကိုလည်း ကြည်ညိုသဒ္ဓါပွားစေပါသည်။  ထို့နောက်  ကထိန်ခင်းမည့် ကျောင်းတိုက်သို့သွားရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကာ  သံဃာတော်များက ကထိန်ခင်းပြီး  ဆရာတော်များချီးမြှင့်သည့်   ကထိန်တရားကိုနာယူကာ ဝမ်းမြောက်ခြင်း အနုမောဒနာဖြင့် သာဓုခေါ်ဆိုကြပါသည်။      ။