ကိုဗစ်-၁၉ ရောဂါနှင့် ကလေးများတွင် အမျိုးအစား(၁)ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်ဖွယ်ရှိ

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေစဉ် ကလေးငယ်များတွင် အမျိုးအစား(၁) ဆီးချိုရောဂါဖြစ်ပွားမှု နှစ်ဆများလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါနှင့် အမျိုးအစား(၁)ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ယူဆထားသည်။

သိပ္ပံပညာရှင်များသည်  အသေးစားသုတေသနတစ်ခုတွင် ယခုကဲ့သို့ ဆက်စပ်နိုင်ဖွယ်ရှိမှုကို တွေ့ရှိခြင်းဖြစ်ပြီး နောက်ထပ် လေ့လာမှုကြီးများကို ဆက်လုပ်ရဦးမည် ဖြစ်ကြောင်း လန်ဒန်အင်ပီရီယယ်ကောလိပ်မှ သိပ္ပံပညာရှင်များက သြဂုတ်  ၁၈  ရက်တွင် ပြောသည်။

နိုင်ငံအတွင်း  ဗိုင်းရပ်ကူးစက်မှု မြင့်တက်နေစဉ် သုတေသန၌ ပါဝင်သော ဆေးရုံနှစ်ရုံရှိ ကလေးများတွင် အမျိုးအစား (၁)ဆီးချိုရောဂါဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆမြင့်တက်လာသည်ကို တွေ့ရကြောင်း၊ လေ့လာမှုများ ဆက်လက်လုပ်ဆောင်ရာတွင် ထိုကလေးများသည် ဗိုင်းရပ်ကူးစက်ခံထားရဆဲ သို့မဟုတ် ဗိုင်းရပ်ကူးစက် ခံထားရပြီးသူများဖြစ်ကြောင်း     ပူးတွဲသုတေသီကာရန်လိုဂန်က ပြောသည်။

အလားတူဆက်စပ်မှုမျိုးကို   တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင်လည်း တွေ့ရသည်ဟု ထုတ်ပြန်ချက်များ ရှိထားကြောင်း ၎င်းကဆက်ပြောသည်။

သုတေသီများသည် လန်ဒန်မြို့ရှိ ဆေးရုံနှစ်ရုံမှ အမျိုးအစား(၁)ဆီးချိုရောဂါခံစားနေရသူ ကလေးအယောက်  ၃၀  ကို လေ့လာမှုများလုပ်ရာ ၎င်းတို့အနက် ၂၁ ဦးသည် ဗိုင်းရပ်ကူးစက်ခံရဖူးသူများဖြစ်ပြီး ငါးဦးမှာ ဗိုင်းရပ်ကူးစက်ခံနေရဆဲ ဖြစ်ကြောင်း တွေ့ရသည်။

အမျိုးအစား(၁)ဆီးချိုရောဂါကြောင့် မုန့်ချိုအိတ်အတွင်းရှိ အင်ဆူလင်ကိုထုတ်လုပ်ပေးသော ကလာပ်စည်းများ ပျက်စီးသွားစေသည့် အတွက် ခန္ဓာကိုယ်ရှိသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးမည့် လိုအပ်သည့် အင်ဆူလင်ပမာဏကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်၏ စပိုက်ပရိုတင်းသည် မုန့်ချိုအိတ်အတွင်းရှိ အင်ဆူလင်ကို ထုတ်လုပ်ပေးသော ကလာပ်စည်းများကို တိုက်ခိုက်လိုက်ဖွယ်ရှိသည်ဟု သုတေသီများက ယူဆထားသည်။

Ref: CNA