တရုတ်ဗုံးကြဲ လေယာဉ်များသည် အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းကို ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက သရုပ်သကန်အမှန်ဖန်တီး၍ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ထောက်လှမ်းရေးအရင်းအမြစ်တစ်ရပ်၏ ပြောဆိုချက်ကိုကိုးကား၍ Financial Times သတင်းစာက ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုသည် တရုတ်နှင့်အမေရိကန်တို့ကြား တရုတ် (တိုင်ပေ)အရေးနှင့် စပ်လျဉ်း၍ ဆက်ဆံရေး တင်းမာနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ဗုံးကြဲလေယာဉ်များသည် အဆိုပါ အမေရိကန်လေယာဉ်တင် သင်္ဘောကို တရုတ်(တိုင်ပေ)လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ပိုင်းသို့ ဝင်ရောက်လာနေစဉ် သရုပ်သကန်အမှန်ဖန်တီး၍ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း တရုတ်စစ်လေယာဉ် ၂၆ စင်းပါဝင်သည်။ တရုတ်(တိုင်ပေ) အစိုးရက တွေ့ဆုံဆွေးနွေးရန် အဆိုပြုချက်ကို တရုတ်အစိုးရက ငြင်းဆိုပြီးနောက်ပိုင်း တရုတ်စစ်လေယာဉ်များက အဆိုပါစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်(တိုင်ပေ)အစိုးရသည် တရုတ်ပြည်မကြီးအား ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တရုတ်ကစွပ်စွဲခဲ့သည်။ အလားတူ တရုတ်(တိုင်ပေ)နှင့် အမေရိကန်အစိုးရတို့ကြား ကာကွယ်ရေး ဆက်ဆံမှုအပါအဝင် အပြန်အလှန်ဆက်ဆံရေးများ တိုးမြှင့်လာခြင်းသည် အမေရိကန်အစိုးရက လက်ခံကျင့်သုံးနေသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု အမေရိကန်အား တရုတ်အစိုးရက စွပ်စွဲပြောဆိုထားသည်။
တရုတ်ပြည်မကြီးနှင့် တရုတ်(တိုင်ပေ)တို့ကြား ဆက်ဆံရေး တင်းမာနေစဉ်အတွင်း အမေရိကန်အစိုးရက တရုတ်(တိုင်ပေ) အား ဒေါ်လာ ၂ ဒသမ ၃၇ ဘီလီယံတန်ဖိုးရှိ Harpoon အမျိုးအစားလေကြောင်း ကာကွယ်ရေးစနစ် ၁၀၀ ခန့်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရောင်းချပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုက တရုတ်(တိုင်ပေ)အား ထိုသို့ လက်နက်ခဲယမ်းများ လွှဲပြောင်းရောင်းချပေးခြင်းကိုလည်း တရုတ်နိုင်ငံက မကြာခဏ ကန့်ကွက်ထားသည်။ တရုတ် (တိုင်ပေ) သည် သီးခြားလွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်မပြုသော တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန်အစိုးရ အဆက်ဆက်က လက်ခံကျင့်သုံးလျက် ရှိသော်လည်း အမေရိကန်အစိုးရသည် တရုတ် (တိုင်ပေ) အစိုးရနှင့် ကုန်သွယ်ရေး၊ စီးပွားရေးဆက်ဆံမှုများ လုပ်ဆောင်နေသည့်အပြင် လက်နက်ရောင်းချခြင်း များကိုပါ လုပ်ဆောင်နေသည်။
အမေရိကန်၌ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တက်ရောက်လာချိန်မှစ၍ အမေရိကန် အစိုးရသည် တရုတ် (တိုင်ပေ) ထံ ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ လက်နက်ခဲယမ်းများ ရောင်းချပေးခဲ့သည်။
ထို့ကြောင့် အချုပ်အားဖြင့် ဆိုရပါမူ သမ္မတသစ်ဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် တရုတ် (တိုင်ပေ) နှင့် ကာကွယ်ရေးအရ ဆက်ဆံမှုများကို ဆက်လက် တိုးမြှင့်လာမည်ဆိုပါက ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေး စစ်ပွဲအပြင် တခြားတင်းမာမှုများကိုပါ မြင့်တက်လာစေမည် ဖြစ်သည်။
Ref: YN, Sputnik