အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးအနီး၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် အစ္စရေးအစိုးရက စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုသည် ၂၀၁၂ ခုနှစ်မှစ၍ ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် ပေါက်ကွဲမှုဖြစ်ပြီး သံရုံးအတွင်းရှိ အစ္စရေးသံအမှုထမ်းများ ကို အဓိကထားတိုက်ခိုက်ခြင်း ဖြစ်သည်။
ပေါက်ကွဲခဲ့သည့်ဗုံးမှာ ပြင်းအားနည်းသည့် လက်လုပ်ဗုံးတစ်လုံးသာ ဖြစ်သော်လည်း ယင်းဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်အဖြစ် အိန္ဒိယအစိုးရက ရှုမြင်လျက်ရှိသည်။ အဆိုပါ ပေါက်ကွဲမှုသည် အိန္ဒိယ-အစ္စရေးနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးတည်ထောင်သည့် (၂၉) နှစ်ပြည့်မြောက်သော ကာလအတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း မော်တော်ယာဉ်သုံးစီး ပျက်စီးသွားသည်။
အဆိုပါ လက်လုပ်ဗုံး ဖောက်ခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများအား ဖော်ထုတ်အရေးယူမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအက်စ်ဂျာအီရှန်ကာက တရားဝင်ထုတ်ဖော်ပြောကြား ခဲ့သော်လည်း စုံစမ်းစစ်ဆေး မှုများလုပ်ဆောင်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို အစ္စရေး အစိုးရက အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယအာဏာပိုင်များက ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနေသည်။ ယင်းပေါက်ကွဲမှုသည် အီရန်အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အစ္စရေးအစိုးရက သံသယရှိနေသည်။ ထို့ကြောင့် ယင်းတိုက်ခိုက်မှုတွင် အီရန်က နောက်ကွယ်မှပါဝင်ခြင်းရှိ၊ မရှိကို အစ္စရေးစုံစမ်းစစ်ဆေးရေး အဖွဲ့က အဓိကထား စစ်ဆေးဖော်ထုတ်မည် ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ နေအိမ်တည်ရှိရာ အဗ္ဗဒူလ်ကာလမ်လမ်း၌ ဖြစ်သည်။
ထို့ကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အိန္ဒိယအာဏာပိုင်များက နယူးဒေလီမြို့တစ်မြို့လုံး၌ လုံခြုံရေး တိုးမြှင့်ခဲ့ရသည်။
ပေါက်ကွဲမှုအတွင်း လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိသော်လည်း အဆိုပါ တိုက်ခိုက်မှုသည် ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကို ပြန်အမှတ်ရစေရန် သတိပေးသကဲ့သို့ ဖြစ်လာခဲ့သည်။
၂၀၁၂ ခုနှစ်ကဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားများက အစ္စရေး စစ်သံမှူးတစ်ဦး၏ မော်တော်ယာဉ်တွင် သံလိုက်ဗုံးထောင်၍ တိုက်ခိုက်ခဲ့ပြီး စစ်သံမှူးနှင့် ၎င်း၏ဇနီး၊ ယာဉ်မောင်းနှင့် တခြားလူနှစ်ဦးဒဏ်ရာ ရရှိသွားသည်။ အဆိုပါ တိုက်ခိုက်မှုကို အီရန်နိုင်ငံသားသုံးဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၉ ရက်ကဖြစ်ပွားသည့် တိုက်ခိုက်မှုသည် အီရန်၏ လက်ချက်ဖြစ်သည်ဟု ဖော်ထုတ် တွေ့ရှိပါက အီရန်နှင့်အစ္စရေးတို့ကြား ရှိရင်းစွဲဆက်ဆံရေး တင်းမာမှုသည် ပိုမိုမြင့်တက်နိုင်မည့် အလားအလာရှိသည့်အပြင် လက်တုံ့ပြန်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်။
Ref: The Indian Express,Sputnik