ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှာဖွေမည့် တရုတ်နိုင်ငံသို့ရောက်ရှိ နေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကိုဗစ်-၁၉ လူနာများကို ပထမဆုံးကုသပေးသော ဝူဟန်မြို့ရှိ ကျင်ယင်တန်းဆေးရုံသို့ သွားရောက် စစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်အဖွဲ့က အသေးစိတ်ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရုန်းကန်ရသည့်နေရာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခွင့်ရမှုမှာ အရေးကြီးသော အခွင့်အလမ်း ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ပီတာဒက်စဇက်က ပြောသည်။
ယခုခရီးစဉ်သည် အလွန်ရှုပ်ထွေးသည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော် အရေးအကြီးဆုံး လုပ်ဆောင်ရမည့် ကိစ္စမှာ ရနိုင်သမျှသော အချက်အလက်များကို စုဆောင်းရန် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အရေးပေါ်ဌာနမှ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်ကပြောသည်။
ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်က တိရစ္ဆာန်မှတစ်ဆင့် လူများထံသို့ မည်သည့်နည်းဖြင့် ကူးစက်လာသည်ကို ရှာဖွေသွားမည်ဖြစ်သည်။
ထို့ပြင် အဆိုပါအဖွဲ့သည် ရောဂါကူးစက်ပျံ့နှံ့မှုစတင်ဖြစ်ပွားရာ ဟွာနန်းဈေးအပြင် ဝူဟန်ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းနှင့် အခြားဓာတ်ခွဲခန်းများသို့လည်း သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post