အိုဇုန်းလွှာအပေါ်သက်ရောက်မှု
မော်တော်ကားတွေ၊ စက်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့တွေဟာ လူတွေကို အသက်ရှူကျပ်စေရုံသာမက အိုဇုန်းလွှာအပေါ်ကိုလည်း ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။
အိုဇုန်းလွှာဆိုတာ နေထဲမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ ကမ္ဘာကြီးရဲ့အောက်ဆုံးအဆင့် လေထုအလွှာထဲကို မဝင်နိုင်စေဖို့ ကာကွယ်ပေးထားတဲ့အလွှာ ဖြစ်ပါတယ်။
အထက်လေထုထဲမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ ဟိုက်ဒရိုကာဗွန်တို့ သဘာဝနည်းအတိုင်း ပေါင်းစပ်ခြင်းကြောင့် အိုဇုန်းလွှာဆိုတာဖြစ်ပေါ်လာတာပါ။
ဒါပေမဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ထုတ်လွှတ်တဲ့ မော်တော်ကားတွေကို တီထွင်ပြီးကတည်းက သဘာဝနည်းအတိုင်း ဖြစ်ပေါ်တဲ့ ဒီဖြစ်စဉ်ဟာ အောက်လေထုအလွှာ ထဲမှာလည်း ဖြစ်ပေါ်နေပါပြီ။
ဒီလိုဖြစ်ပေါ်လာတဲ့ အရာတွေကိုတော့ မီးခိုးမြူတွေလို့ ခေါ်ပါတယ်။ အဲဒီမီးခိုးမြူတွေကိုတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စားသုံးပြီး အောက်ဆီဂျင်ကိုပြန်ထုတ်ပေးတဲ့ သစ်ပင်တွေနဲ့သစ်ရွက်တွေက မချေဖျက်နိုင်ပါဘူး။
အဲဒီအခါမှာ သန့်ရှင်းတဲ့လေထုလည်းမရနိုင်တော့တဲ့အတွက် လေထုညစ်ညမ်းမှုဟာ ပိုပြီးတော့သာ ဆိုးဝါးလာတဲ့ အခြေအနေဖြစ်ပြီး လူသားတွေနဲ့ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတစ်ခုမှ ရှိမလာတော့ပါဘူး။
ရေနေသတ္တဝါတွေအပေါ်သက်ရောက်မှု
လေထုညစ်ညမ်းမှုဟာ လေထုထဲမှာပဲ ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း ပျောက်ဆုံးတဲ့ အရာမဟုတ်သလို သူ့ရဲ့ဆိုးကျိုးက ရေထဲမှာရှိတဲ့ သတ္တဝါတွေအပေါ်ကိုပါ သက်ရောက်မှု ရှိပြန်ပါတယ်။
ဓာတ်အားပေးစက်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဆာလဖာဒိုင်အောက်ဆိုက်က လေထုထဲမှာရှိတဲ့ ရေငွေ့နဲ့ ပေါင်းစည်းသွားတဲ့အခါမှာ ဆာလဖြူရစ်အက်စစ်ကို ဖြစ်ပေါ်စေပါတယ်။ ပြီးတဲ့အခါမှာတော့ အဲဒီဆာလဖြူရစ်အက်စစ်တွေက အက်စစ်မိုးအဖြစ် ရွာသွန်းလိုက်ပါတယ်။
ဒီလိုအက်စစ်မိုးဟာ လူသားတွေအတွက်သာမက ရေနေသတ္တဝါတွေအတွက် အလွန်ကိုပဲ အန္တရာယ်ကြီးမားလှပါတယ်။ ဒါ့အပြင် ကုန်းပေါ်ကအပင်တွေနဲ့ ရေထဲမှာရှိတဲ့အပင်တွေကိုပါ ဒုက္ခရောက်စေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အဲဒီအက်စစ်တွေဟာ အပင်တွေမှာစုပုံလာပြီး နောက်ပိုင်းမှာရေနေသတ္တဝါတွေ အစုလိုက် အပြုံလိုက်သေဆုံးမှုကိုပါဖြစ်လာစေတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ရေထုညစ်ညမ်းမှုအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ မီးစုန်းဓာတ်နဲ့ ခဲဓာတ်တို့ဟာ အငွေ့ပြန်တက် သွားပြီး မိုးအဖြစ်နဲ့ ပြန်လည်ရွာသွန်းတဲ့အခါမှာ ရေနေသတ္တဝါတွေအတွက်ကတော့ နေစရာနေရာ မရှိတော့ လောက်အောင် ဖြစ်သွားပါတယ်။
လူသားတွေရဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု
ခဲဓာတ်
အရင်ဆုံးခဲဓာတ်ရဲ့ သက်ရောက်မှုကို တင်ပြပါမယ်။ ကမ္ဘာမှာခဲဓာတ်ဟာ လူသားတွေအတွက် အလွန်ကိုပဲ အန္တရာယ်များလှပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများအပြားက ခဲအသုံးပြုတဲ့ပစ္စည်းအများအပြားကို ထုတ်လုပ်ခွင့် မပြုထားတာပါ။
အထူးသဖြင့်တော့ ပမာဏအနည်းငယ်လေးကိုတောင်မှ ခံနိုင်ရည်မရှိတဲ့ ကလေးငယ်တွေအတွက် ခဲဓာတ်ဟာ အလွန်ကို အန္တရာယ်များတဲ့အရာ ဖြစ်နေတာပါ။
ခန္ဓာကိုယ်အတွင်းဝင်သွားတဲ့ ခဲဓာတ်ပမာဏ အနည်းအများကို မူတည်ပြီး သက်ရောက်မှုကလည်း ကွာခြားသွားပါတယ်။ အဖြစ် အများဆုံးကတော့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ အဟန့်အတား ဖြစ်သွားတာပါ။
ဒီလိုအဟန့်အတားဖြစ်သွားပြီဆိုရင် တွေးခေါ်ရာမှာထက် ထက်မြက်မြက် မရှိတော့ဘဲ နှေးကွေးလေးလံလာမယ်။ သွားလာလှုပ်ရှားမှုက ပုံစံမကျ ဖြစ်လာမယ်။ အိပ်ပျော်ဖို့ခက်ခဲမယ်။
အဲဒါတွေအပြင် သင်ကြားမှုကိုနာယူနိုင်စွမ်းမရှိတော့ဘဲ မစွမ်းမသန်ဖြစ်လာမယ်။ လေသင်တုန်းဖြတ်မယ်။ နောက်ဆုံးမှာ ခဲဆိပ်သင့်ပြီး သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ခဲဓာတ်ပါဝင်တဲ့အမှုန်တွေကို လေထုထဲထုတ်လွှတ်နေတဲ့ ရေနံချက်စက်ရုံတွေနဲ့ စက်ရုံကြီးတွေကတော့ ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။
ကာဗွန်မိုနောက်ဆိုက်
နောက်တစ်ခုက ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ရဲ့ဆိုးကျိုးပါ။ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ဆိုတာကတော့ လူကို သေသည်အထိ ဖြစ်စေတဲ့ဓာတ်ငွေ့ ဖြစ်ပါတယ်။
ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်သူဟာ သူ့ရဲ့သွေးကြောထဲမှာ လည်ပတ်နေတဲ့ အောက်ဆီဂျင် တွေနေရာမှာ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့အမှုန်တွေက ဝင်ရောက်နေရာ ယူသွားတဲ့အတွက် အသက်ရှူမဝတော့ဘဲ အိပ်ချင်မူးတူး ဖြစ်လာပါမယ်။
အဲဒီနောက် အသက်ရှူကျပ်လာပြီး သွေးထဲမှာ အောက်ဆီဂျင်ဓာတ်နည်းလာတဲ့အခါ တဖြည်းဖြည်းနဲ့ အဲဒီလူဟာ သေဆုံးသွားနိုင်ပါတယ်။
ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကတော့ ယနေ့လမ်းပေါ်မှာမြင်နေတွေ့နေရတဲ့ မော်တော်ကားတွေကနေ အများဆုံးထွက်ရှိတာ ဖြစ်ပါတယ်။
ဆာလဖာဒိုင်အောက်ဆိုက်
ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကတော့ သန့်ရှင်းမှုမရှိတဲ့ ကျောက်မီးသွေးနဲ့ ဆာလဖာပါဝင်တဲ့ လောင်စာဆီတို့ လောင်ကျွမ်းခြင်းဖြင့် လျှပ်စစ်ဓာတ်အားရရှိတဲ့ ဓာတ်အားပေးစက်ရုံတွေကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီဓာတ်ငွေ့ကိုတော့ အမြင်အားဖြင့်တွေ့မြင်နိုင်ခြင်း မရှိပေမယ့်လည်း အနံ့အားဖြင့် ခံစားလို့ ရပါတယ်။
သူ့ကိုထိတွေ့မိသူဟာ မျက်ရည်တွေကျလာမယ်။ လည်ချောင်းမှာယားယံလာမယ်။ နောက်ဆုံးမှာတော့ အဆုတ်ပျက်စီးတဲ့ အထိကို ဖြစ်နိုင်ပါတယ်။
အထက်မှာတင်ပြခဲ့သလို ဆာလဖာဒိုင်အောက်ဆိုက်က လေထုထဲမှာရှိတဲ့ရေငွေ့နဲ့ပေါင်းစပ်ပြီးနောက် ဆာလဖြူရစ် အက်စစ်အဖြစ် ပြောင်းပြီး အက်စစ်မိုး ရွာသွန်းတဲ့ အခါမှာတော့ လူတွေဟာထိပ်ပြောင်ခြင်း၊ ဆံသားတွေ ရှုပ်ထွေးခြင်း စတဲ့ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒီလိုအက်စစ်မိုးရွာခြင်းရဲ့ နောက်ထပ်အကျိုးဆက်ကတော့ အဆောက်အအုံအမိုးတွေ ပျက်စီးကာ အကြီးစား ပြင်ဆင်မှုတွေ လုပ်ရတဲ့အတွက် ငွေကြေးကုန်ကျမှုများတာပဲ ဖြစ်ပါတယ်။
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်
နိုက်ထရိုဂျင်မော်လီကျူးတွေကို အပူချိန်ပြင်းပြင်းအောက်မှာ အောက်ဆီဂျင်နဲ့ထိတွေ့စေခြင်းနည်းကို အသုံးပြုတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေကနေ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပါတယ်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်ရဲ့ ဆိုးကျိုးတွေက ဆာလဖာဒိုင်အောက်ဆိုက်ရဲ့ ဆိုးကျိုးတွေနဲ့အတူတူပါပဲ။ အနံ့အားဖြင့်လည်းစူးရှပြီး လည်ချောင်းကို စပ်ဖျဉ်းဖျဉ်းဖြစ်စေကာ နောက်ဆုံးမှာအဆုတ်ကို ပျက်စီးစေပါတယ်။
အလားတူ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်က လေထုနဲ့ထိတွေ့တဲ့အခါမှာ နိုက်ထရစ်အက်စစ်အဖြစ် ပြောင်းလဲပြီး အက်စစ်မိုးကို ရွာသွန်းစေပြန်ပါတယ်။
ဒါတင်ပဲလားမကပါဘူး။ လေထုထဲကိုရောက်ရှိပြီး အဆိပ်အဖြစ် ပြောင်းသွားတဲ့အရာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒီအရာတွေကတော့ လူသားတွေရဲ့ ဘဝတွေ၊ နေထိုင်မှုစနစ်တွေကို ထိတ်လန့်ဖွယ်ကောင်းအောင်ကို ထိခိုက်ပျက်စီး စေပါတယ်။
ထင်ရှားတဲ့၊ အဖြစ်များတဲ့ နာတာရှည်ရောဂါတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပြီး အဲဒီထဲမှာပန်းနာရင်ကျပ်နဲ့ တီဘီရောဂါတို့လည်း အပါအဝင် ဖြစ်ပါတယ်။ ရေရှည်ထိတွေ့နေရတဲ့ ဓာတုပစ္စည်းတွေဟာ နောက်ပိုင်းမှာ ကလာပ်စည်းတွေနဲ့ ပေါင်းစည်းသွားပြီး ကင်ဆာရောဂါတွေကို ဖြစ်ပေါ်စေပြန်ပါတယ်။
လူမှုစီးပွားအပေါ်သက်ရောက်မှု
လေထုညစ်ညမ်းမှုနဲ့ သူကနေမှတစ်ဆင့်ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီးပူနွေးမှုတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးရဲ့ လူမှုရေးနဲ့စီးပွားရေးအပေါ် များစွာသောဆိုးကျိုးတွေ သက်ရောက်စေပြန်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးတွေချူချာလာမယ်။ ကမ္ဘာကြီးပူနွေးမှုကြောင့် သီးပင်စားပင်တွေ အောင်မြင်ဖြစ်ထွန်းမှု မရှိတော့ဘူး။
အဆိုးဆုံးကတော့ ရေအသက်တစ်မနက်လို့ဆိုထားသလို အရေးပါလှတဲ့ သောက်သုံးရေပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရခြင်းဖြစ်ပါတယ်။
ဒါကြောင့် လေထုညစ်ညမ်းမှုနဲ့ကမ္ဘာကြီးပူနွေးမှုတို့က လူသားတွေရဲ့လူမှုစီးပွားဘဝအပေါ် ကြီးစွာသော သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။