စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ကိုင်လျက်ရှိသော အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အားနည်းနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးထံမှ သိရသည်။
အသေးစားရွှေလုပ်ကွက်များ လုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ချက် (IEE)ကို ရေးဆွဲထားကြောင်း၊ လက်လုပ်လက်စား ရွှေလုပ်ကွက်လုပ်ကိုင်မှုများ အနေဖြင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ကြိုတင်စည်းကမ်းချက်များ ချမှတ်လုပ်ကိုင်စေသော်လည်း စည်းကမ်းလိုက်နာမှု အားနည်းနေသေးသဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရွှေသတ္တုတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျှော့ချနိုင်ဖို့အတွက် လက်လုပ်လက်စားလုပ်ကွက်တွေကို ကြိုတင်စည်းကမ်းချက်တွေ သတ်မှတ်ပြီး ဆောင်ရွက်စေပါတယ်။ အသေးစားလုပ်ကွက်တွေကိုတော့ ကနဦးသဘာဝ ပတ်ဝန်းကျင်ဆန်းစစ်မှုများ ပြုလုပ်ပြီး ဆောင်ရွက်စေခဲ့ပါတယ်။ တကယ်မြေပြင်မှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတိုင်း တူးဖော်လုပ်ကိုင်မှုမှာ စည်းကမ်းမညီတာတွေ များနေတယ်။ အသေးစားနဲ့ လက်လုပ်လက်စား ရွှေသတ္တုလုပ်ငန်းရှင်တွေ အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အများကြီး လိုအပ်သေးတယ်။လုပ်ငန်းရှင်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို စိတ်ပါဝင်စားဖို့ သက်ဆိုင်ရာဌာနများ အနေနဲ့ စည်းရုံးမှုတွေ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောသည်။
ယခုလက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားမှု ၃၅၄ ကွက်ရှိရာ စာချုပ်ချုပ် လုပ်ကိုင်လျက်ရှိသော လုပ်ကွက် ၂၈၃ ကွက်ရှိပြီး အသေးစား လုပ်ကွက်လျှောက်ထားမှု အနေဖြင့် ၉၆၈ ကွက်ရှိသည်။ စာချုပ်ချုပ်ဆို လုပ်ကိုင်လျက်ရှိသော လုပ်ကွက် ၆၇၂ ကွက်ရှိရာ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု အားနည်းနေသေးကြောင်း သိရသည်။