ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူ (၅)ချက် ဖြစ်ပေါ်လာသော ခုနှစ်မှာ ၁၉၅၄ ခုနှစ်ဖြစ်သည်။ ထိုနှစ်တွင် မြန်မာ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ အိန္ဒိယနှင့်မြန်မာ ခရီးစဉ်အတွင်း ချမှတ်ခဲ့သော မူဝါဒများဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇွန် ၂၈ ရက်တွင် နယူးဒေလီမြို့၌ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနှင့်တရုတ်တို့သည် လည်းကောင်း အဆိုပါ မူကြီး(၅)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ (၅)ချက်မှာ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်၊ နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရန်ဟူ၍ ဖြစ်ပေသည်။ ထိုမူကြီး(၅)ချက် အတိုင်းသာ နိုင်ငံတိုင်းက စောင့်ထိန်းလိုက်နာကြမည်ဆိုလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပဋိပက္ခဖြစ်စရာ အကြောင်းရှိမည် မဟုတ်ပေ။
မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံတိုင်းကို မိတ်ဆွေကောင်းပီသစွာ ပြုမူဆက်ဆံလျက်ရှိပြီး တပ်မတော်သည် ၂၀၁၁ ခုနှစ်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ဆောင်ရွက်ပေးနိုင်သည်။ ဒုတိယအကြိမ် ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲစာရင်းကွာခြားမှုများ ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လွှဲအပ်ပေးခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအား ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော် သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဖွင့်အမှာစကားများအရ တိုင်းပြည်အနေနှင့် ဖြတ်သန်းလာရသည့် ဒီမိုကရေစီအစိုးရနှစ်ခု၏ တိုင်းပြည်၏ အတွေ့အကြုံနှင့် နိုင်ငံတကာ၏ အတွေ့အကြုံများကို ကြည့်ပြီး ကောင်းသည့် အချက်များကို ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင် ကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလ တာဝန်ယူရသော အဖွဲ့အစည်း ဖြစ်သဖြင့် မှားယွင်း ဆောင်ရွက်၍ မရဘဲ အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကို နာလန်ထူအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များ ရရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည့်အချက်များ သိရှိရသည်။
ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခ ခံနေကြရသည့် မြန်မာနိုင်ငံသား များအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေး စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရပ်တန့်ထားသည့် စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့် သတင်းကောင်းများလည်း ကြားသိရှိရသည်။
အနှစ်ချုပ်ဖော်ပြရလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်သူအများ လိုလားသော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်လျက်ရှိပေသည်။ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းများ ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။