သာသနာတော် တိုးတက်ထွန်းကားရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သာသနာ အစစ်အမှန်သည် မြန်မာနိုင်ငံတွင်သာ တည်တံ့လျက်ရှိသည်။ ထေရဝါဒဗုဒ္ဓဘာသာ သာသနာ(၃)ရပ်တွင်  ပရိယတ္တိသာသနာသည် ပိဋကတ်စာပေသင်ကြားခြင်း ဖြစ်သည်။ ပဋိပတ္တိသာသနာသည် တရားတော်နှင့်အညီ ကျင့်သုံးခြင်း ဖြစ်သည်။ ပဋိဝေဒသာသနာသည် ထိုးထွင်း၍သိခြင်း ဖြစ်ပေသည်။

သာသနာသုံးရပ် ထွန်းကားနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် အေးချမ်းသာယာနေမည် ဖြစ်သည်။ တပ်မတော်သည် ဘာသာ၊ သာသနာပိုမိုထွန်းကားရေးကို အစဉ်ရှေးရှုလုပ်ဆောင်လျက်ရှိသည်။ မြန်မာ့သမိုင်းတွင် မင်းကောင်းမင်းမြတ်တို့ အုပ်စိုးသော ကာလ၌ ဗုဒ္ဓသာသနာသည် နေလိုလလိုထွန်းကားသည်။ တကောင်း၊ ပျူ၊ ပုဂံစသောခေတ် ကာလများက တည်ထားကိုးကွယ်ခဲ့သော ဘုရား၊ ပုထိုး၊ စေတီများကို ယနေ့တိုင် ဖူးမြော်ခွင့်ရနေသည်မှာ ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲနေခြင်း၏ ပြယုဂ်များဖြစ်သည်။ မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကတည်းက တည်ထားခဲ့ခြင်း ဖြစ်ပေရာ သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်များမှာ တန်ဖိုးမဖြတ်နိုင်အောင်ရှိလှသည်။

ဤကမ္ဘာကြီးတွင် ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးဟူသော ပျက်စီးခြင်း ကပ်သုံးပါးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ထိုကပ်ကြီးသုံးပါးအနက်  ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာသော ရောဂါဘေးကြောင့် လူသားတို့သည် ပုံမှန်လှုပ်ရှား သွားလာခွင့်များ ပိတ်ပင်တားဆီးခြင်း ခံနေကြရသည်။ ထိုကပ်ရောဂါသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဖြစ်ပေါ်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးကိုပင် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ COVID-19 ရောဂါဟု သတ်မှတ်ခေါ်ဝေါ်သော ထိုရောဂါဆိုးကြောင့် နိုင်ငံအနှံ့အပြားရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခြင်းကို တားမြစ်ပိတ်ပင်ထားခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနေသည့်အတွက် ဖူးမြော်ခွင့်မရရှိသော ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား စေတီများ၌ ဘုရားရင်ပြင်တော်များ၊ ကျောင်းဆောင် အဆောက်အအုံများ၊ ဝင်လမ်းထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဖေဖော်ဝါရီ ၅ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

တပ်မတော်သားတို့သည် နေ့စဉ်ပြုလုပ်နေကျဖြစ်သော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ဒေသခံပြည်သူများအား ဆန်၊ စားသောက်ကုန်များ ထောက်ပံ့ပေးဝေလျက် ရှိသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တစ်နိုင်ငံလုံးရှိ ဘုရား၊ ပုထိုး၊ စေတီများအား ဖေဖော်ဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖူးမြော်နိုင်ကြောင်း ပန်ကြားလွှာ ထုတ်ပြန်ထားသည်။ ကိုဗစ်ရောဂါကာကွယ် တားဆီးကုသရေး လုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုမှာ အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရ ဘုရား၊ ပုထိုး၊ စေတီများအား အချိန်၊ လူဦးရေ ကန့်သတ်ချက်များဖြင့် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုခြင်းဖြစ်ပေရာ ဗုဒ္ဓဘာသာ အနွယ်ဝင်သူတော်စင်များ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။