အနာဂတ်အကျိုးပြုလုပ်ငန်းတွေမှာ အသုံးဝင်လာမယ့် ဘက်ထရီမဲ့စက်ရုပ်

သိပ္ပံပညာရှင်တွေဟာ   လူသားတွေ မသွားနိုင်တဲ့နေရာတွေမှာ စက်ရုပ်တွေကို စေလွှတ်ပြီး    ရှာဖွေလေ့လာစူးစမ်းမှုတွေ လုပ်နိုင်ဖို့အတွက် အသေးစားစက်ရုပ်လေးတွေကို ဖန်တီးဖို့ စိတ်ကူးယဉ်ခဲ့တာကြာပါပြီ။

ဒါပေမဲ့ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့အတွက်   ရင်ဆိုင်နေရတဲ့ အဓိကအတားအဆီးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ စက်ရုပ်တွေ လှုပ်ရှားသွားလာနိုင်စေရေး လိုအပ်တဲ့ စွမ်းအင်ပါပဲ။

အလွန်သေးငယ်လှတဲ့   စက်ရုပ်တွေ လှုပ်ရှားသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးနိုင်မယ့် ဘက်ထရီတွေ ကို ဖန်တီးနိုင်ပေမယ့်လည်း အချိန်ကြာမြင့်စွာတော့ အသုံးမခံပါဘူး။

အခုတော့   တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အလေးချိန် ၈၈ မီလီဂရမ်သာရှိတဲ့ ပိုးတောင်မာပုံစံ စက်ရုပ်ကို ဖန်တီးလိုက်နိုင်ပါပြီ။

ဒီစက်ရုပ်ဟာ သူ့ရဲ့ကျောပေါ်မှာ ပစ္စည်းတွေတင်ပြီး   အချိန်နှစ်နာရီကြာသွားလာလှုပ်ရှားနိုင်စေဖို့ လိုအပ်တဲ့ စွမ်းအင်အတွက် ဘက်ထရီအစား မက်သနောနဲ့   လူလုပ်ကြွက်သားစနစ် တို့ကို  အသုံးပြုထားတာပါ။

အရှည်အားဖြင့် ၁၅ မီလီမီတာသာရှိတဲ့ ပိုးတောင်မာစက်ရုပ်ဟာ သိပ္ပံပညာရှင်တွေ ဖန်တီးဖူးတဲ့ အပေါ့ဆုံးနဲ့ အသေးဆုံးသော ထိန်းသူမဲ့စက်ရုပ်ဖြစ်တယ်လို့ ဒီစက်ရုပ်ကို ဖန်တီးသူ ရှူဖန်ယန်းကပြောပါတယ်။

၎င်းင်းတို့အနေနဲ့ အရွယ်အစားနဲ့ အလေးချိန်မှာ တကယ့်အင်းဆက်တွေနဲ့ နှိုင်းယှဉ်နိုင်မယ့် စက်ရုပ်မျိုးကို ဖန်တီးချင်နေခဲ့တာကြာပြီဖြစ်ကြောင်း၊ အဓိကအခက်အခဲအနေနဲ့ စက်ရုပ်မှာတပ်မယ့်မော်တာတွေ အလုပ်လုပ်ဖို့  စွမ်းအင်လိုအပ်နေသေးကြောင်း ရှူဖန်ယန်းက ပြောပါတယ်။

ဒီအခက်အခဲကိုကျော်လွှားဖို့အတွက် သိပ္ပံပညာရှင်တွေဟာ လောင်စာရည်ကို အခြေခံအသုံးပြုတဲ့    လူလုပ်ကြွက်သားစနစ်  တစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒီနေရာမှာ  သူတို့အသုံးပြုတဲ့လောင်စာရည်ကတော့  မက်သနောပါ။ အဲဒီမက်သနောက   သူနဲ့ထုထည်ချင်းတူတဲ့ ဘက်ထရီတစ်လုံးထက်  စွမ်းအင်ပမာဏ ၁၀ ဆ ပိုပြီး သိုလှောင်နိုင်ပါတယ်။

ကြွက်သားတွေကိုတော့    နီကယ်နဲ့တိုက်တေနီယံသတ္တုစပ်ဝိုင်ယာတွေနဲ့ ပြုလုပ်ထားတာပါ။ အဲဒီဝိုင်ယာဟာ အပူရရှိတဲ့ အခါမှာကျုံ့သွားပါတယ်။ တခြားသတ္တုတွေလိုမျိုး အပူနဲ့ထိတွေ့တာနဲ့ ဆန့်သွားတာမျိုး မဟုတ်ပါဘူး။

အဲဒီဝိုင်ယာကို  ပလက်တီနမ်အမှုန့်နဲ့ တစ်လွှာထပ်အုပ်ထားတာကြောင့်  မက်သနော အငွေ့လောင်ကျွမ်းမှုအတွက် ဓာတ်ကူပစ္စည်းတစ်ခု ဖြစ်သွားပါတယ်။

ဒါကြောင့်   ပိုးတောင်မာစက်ရုပ်ရဲ့ မက်သနောတိုင်ကီထဲက မက်သနောအငွေ့တွေဟာ ပလက်တီနမ်အမှုန့်ပေါ်မှာ လောင်ကျွမ်းတဲ့အခါ အပူထွက်လာပြီး  ဝိုင်ယာက ကျုံ့သွားပါတယ်။

အဲဒီအခါ အလွန်သေးငယ်လှတဲ့အဆို့ရှင်တွေက ပိတ်လိုက်တဲ့အတွက် လောင်ကျွမ်းမှု ရပ်တန့်သွားချိန်မှာ  ဝိုင်ယာက အေးပြီး ဆန့်ထွက်လာပါတယ်။ ပြီးတဲ့အခါမှာတော့ အဆို့ရှင်တွေက   ပြန်ဖွင့်လိုက်တဲ့အခါ လောင်ကျွမ်းမှုပြန်ဖြစ်ပြီး ဝိုင်ယာက ကျုံ့သွားပြန်ပါတယ်။

ဒီလိုဖြစ်စဉ်ဟာ အဆက်မပြတ်ဖြစ်နေတာဖြစ်ပြီး လောင်စာတိုင်ကီထဲက မက်သနောတွေ ကုန်သွားမှသာ ရပ်တန့်သွားမှာ

ဖြစ်ပါတယ်။

 

ဒီလိုနည်းနဲ့ ကျုံ့လိုက်၊ ဆန့်လိုက်ဖြစ်နေတဲ့ လူလုပ်ကြွက်သားစနစ်ကို ပိုးတောင်မာစက်ရုပ်ရဲ့   ရှေ့ဘက် ခြေထောက်တွေနဲ့ချိတ်ဆက်ထားတာကြောင့် စက်ရုပ်အနေနဲ့လှုပ်ရှားသွားလာနိုင်မှုကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့စက်ရုပ်ကို အမျိုးမျိုးသော မျက်နှာပြင်တွေနဲ့ ဆင်ခြေလျှောပုံစံနေရာတွေ ဖန်တီးပြီး  စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒီလိုစမ်းသပ်မှုတွေလုပ်ရာမှာ ပိုးတောင်မာစက်ရုပ်အနေနဲ့     သူ့ရဲ့ခန္ဓာကိုယ် အလေးချိန်ထက် ၂ ဒသမ ၆ ဆပိုလေးတဲ့ အရာဝတ္ထုကို ကျောပေါ်မှာတင်ပြီး လောင်စာတိုင်ကီ တစ်လုံးတည်းနဲ့တင် နှစ်နာရီကြာ လှုပ်ရှားသွားလာနိုင်တာကို   တွေ့ရပါတယ်။

သိပ္ပံပညာရှင်တွေရဲ့နောက်ထပ် စမ်းသပ်မှုမှာတော့ ဘက်ထရီစွမ်းအင် အသုံးပြုပြီး အလေးချိန်တစ်ဂရမ်သာရှိတဲ့ စက်ရုပ်လေးက အချိန် ၁၂ မိနစ်သာလှုပ်ရှားသွားလာနိုင်တာကို တွေ့ရပါတယ်။

ဒါကြောင့် အခုစမ်းသပ်ဖန်တီးလိုက်တဲ့ မက်သနောလောင်စာအသုံးပြု ပိုးတောင်မာစက်ရုပ်တွေဟာ အနာဂတ်မှာ   လူတွေမရောက်နိုင်၊ မသွားနိုင်တဲ့နေရာတွေကို သွားပြီး စစ်ဆေးမှုတွေလုပ်တာ၊ ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပြီးနောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်တာ၊ ဝတ်မှုန်ကူးခြင်း လုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ကြည့်ရေးတွေမှာ အသုံးဝင်လာနိုင်တဲ့အတွက်   သိပ္ပံပညာရှင်တွေရဲ့ အလွန်ကောင်းမွန်ပြီး အသုံးဝင်တဲ့ဖန်တီးမှုတစ်ခုပဲ ဖြစ်ပါတယ်။

Ref: Bangkok Post