(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ပေးပို့သည့် သဝဏ်လွှာ

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ မင်္ဂလာ အခါသမယ၌ ချင်းပြည်နယ် အတွင်းသာမက မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်ရှိနေ ထိုင် လျက်ရှိကြ သော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ကျွန်ပြုပြီးသည့်နောက် တောင်တန်းနှင့် မြေပြန့်ဒေသများကို သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ချင်းတိုင်းရင်းသား တို့သည် ကိုလိုနီ လက်အောက် ကနေ လွတ်မြောက်ရန် အသက်သွေးချွေး အိုးအိမ်စည်းစိမ်များစွာကို စတေးပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။    လွတ်လပ်ရေးရရှိပြီးသည့်နောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်း မြို့၌ လူထု ညီလာခံ ကျင်းပပြီး တိုက်သူကြီးများ(စော်ဘွားများ) အုပ်ချုပ်သည့်စနစ်မှ   ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့  ပြောင်းလဲ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပါသည်။   အုပ်ချုပ်ရေးစနစ်ဟောင်းမှ   ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်း လဲရန်  ဆုံးဖြတ်ခဲ့သည့် ဖလမ်းမြို့၊ လူထု ညီလာခံကျင်းပခဲ့သည့်  ဖေဖော်ဝါရီလ  (၂ဝ)  ရက်နေ့ကို  ''ချင်း အမျိုးသားနေ့'' အဖြစ် ၁၉၅ဝ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် သတ္တမ အကြိမ် ချင်းရေးရာကောင်စီညီလာခံက ရွေးချယ် သတ်မှတ်အတည်ပြုခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ အစပြုပြီး သတ်မှတ် ခဲ့သည့် ချင်းအမျိုးသားနေ့သည် ယခုအခါ (၇၃) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှု သမိုင်းအစဉ်အလာနှင့်   ရိုးရာဓလေ့ ထုံးတမ်းအရတူညီသည့်ချင်း မျိုးနွယ်စုဝင် အားလုံး အတွက် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ချင်းပြည်နယ်သည် သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းနေသည့် တောင်တန်းများ၊ ရှားပါး အပင်များပေါက်ရောက်ပြီး ရှားပါးသတ္တဝါများခိုအောင်းရာ ခေါနူးစုမ်တောင်၊ လှပသည့်ရိဒ် ရေကန်၊ ကုလား တန်မြစ်၊ မဏိပူရ်မြစ်၊ ဘွေနူးမြစ်၊ ဘုံတလာရေတံခွန် စသည့် လှပသည့် သဘာဝ အရင်းအမြစ်များ တည်ရှိရာ ပြည်နယ်တစ်ခု ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာသည်နှင့်အမျှ သဘာဝ ခရီးသွား လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပါသည်။

ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအာဏာနှင့် အခွင့်အရေးအားလုံးကို စော်ဘွားများ၊ တိုက်သူကြီးများ၊ ရွာသူကြီး များကသာ  သားစဉ်မြေးဆက်အမွေဆက်ခံကာ ၎င်းတို့လက်ဝယ်ထား ရှိသည့် ပဒေသရာဇ် အမွေ၊ ကိုလိုနီအမွေပဒေသရာဇ်အုပ်ချုပ်ရေး စနစ်ဟောင်းအား ဒီမိုကရေစီစနစ်နှင့် အစားထိုးရန်   ဆုံးဖြတ်ခဲ့သောနေ့ဖြစ်ပြီး ချင်းမျိုးနွယ်စုဝင် အားလုံးအတွက် လေးနက်သော အဓိပ္ပာယ်ရှိပြီး အနှစ်သာရ ပြည့်ဝသော သမိုင်းဝင်နေ့ ထူးနေ့မြတ်ဖြစ်ပါသည်။

ချင်းတိုင်းရင်းသားတို့သည် နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်တို့အား ဆန့်ကျင်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတို့တွင်  အခြား တိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း တွင်လည်း ချင်းအမျိုးသားများသည် အခြားတိုင်းရင်းသားများနှင့် ကောင်းတူဆိုးဖက်၊ အေးအတူပူအမျှ၊ ပြည်ထောင် စုကြီးအတွင်း အတူတကွလက်တွဲပြီး ညီညီညွတ်ညွတ်နေထိုင်ခဲ့ကြပါသည်။  ချင်းတိုင်း ရင်းသား အနွယ်ဝင် အချင်းချင်းသော် လည်းကောင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့်အတွက် ချင်းအမျိုးသား အများစုတို့နေထိုင်ရာ ချင်းပြည်နယ်သည် ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းခဲ့ပါသည်။

သို့ဖြစ်ပါ၍ တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းတောင်တန်းများ အပေါ်တွင် ဆက်သွယ် သွားလာရေးအဆင် ပြေစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းများအသစ်ဖောက် လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အလားတူ ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ် ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက် အဦများ ပြုပြင်ပေးခြင်းနှင့် ဆရာ/ဆရာမများ တိုးချဲ့ ခန့်ထားပေး ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးခန်းများ တိုးချဲ့ ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန် လိုအပ်မှုဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါသည်။

ထို့ပြင်  ချင်းပြည်နယ်အနှံ့အပြားတွင်  မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေး၊ ဖလမ်းမြို့တွင် ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ် ကွင်းတည်ဆောက်ရေးစီမံကိန်းနှင့် ပလက်ဝမြို့တွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်းများကို  ဆောင်ရွက် ပေးလျက်ရှိရာ  ကဏ္ဍအလိုက် သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေ ပြီဖြစ်ပါသည်။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ နှင့်အတူ ချင်းတိုင်း ရင်းသား ပြည်သူများကလည်း လက်တွဲကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုရိုးရာ ဓလေ့ပွဲ တော်များ၊ ဘာသာ စကား၊ စာပေနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ချင်းတိုင်းရင်း သားမျိုးနွယ်စုများအနေဖြင့်လည်း မိမိတို့ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ မပျောက် ပျက်အောင် မြှင့်တင်ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မတူညီသော

တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု၏ ပဒေသာစုံ အလှတရားများပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေ များကို ယခုထက်မကတိုးမြှင့်ပြီး ထိန်းသိမ်းကာကွယ်၍  ပြည်ထောင်စုကြီး၏ အလှကို  ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်း လိုပါသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် ဒေသအလိုက် ဘာသာစကားနှင့် စာပေမတူညီကြသော်လည်း  ''မတူကွဲပြားမှုကို စည်းလုံးမှု အင်အား တစ်ရပ်'' (Unity in diversity) အဖြစ် အသုံးချတတ်ပြီး ချင်းပြည်နယ်ကြီး တစ်ခုလုံး  ဟန်ချက် ညီညီဖွံ့ဖြိုး တိုးတက်လာစေရန်၊  စွမ်းရည်နှင့် စွမ်းအားရှိသော  လူသားအရင်းအမြစ်များ  ပိုမိုတည် ဆောက်နိုင် ရန် လိုအပ်ပါသည်။ အစဉ်အလာ ကြီးမားပြီး ချင်းလူမျိုးများ တစ်လုံးတစ်ဝ တည်းစုစည်း စေခဲ့သော အောက်ချင်းငှက်ပမာ သစ္စာရှိမှု၊ ပွင့်လင်းမှု၊ အမှန်တရားကို ချစ်မြတ်နိုးမှုများသည် လက်ရှိချင်း တိုင်းရင်းသား များ၏ ဓလေ့စရိုက်များဖြစ်ပြီး ယင်းစရိုက်ကောင်းများဖြင့် နိုင်ငံတော်ကြီးကို စောင့်ထိန်း ကာကွယ် ဖို့ တာဝန်ရှိမည်ဖြစ်ပါသည်။

ပြည်ထောင်စုသားအားလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့က လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာတည် ဆောက်နိုင် ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ (၁ဝ) နှစ်တာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှာ အမျိုးသား နိုင်ငံရေးကို ဦးထိပ် ထားပြီး ပြည်သူနှင့်လက်တွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးနှင့်အတူ ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအနေဖြင့်လည်း ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆက်လက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းရင်း သဝဏ် လွှာ ပေးပို့လိုက်ပါသည်။

(ပုံ)မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ