တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ ၊ မရှိ စစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဆေးဆိုင်များ၌ FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိကို ဇွန်၂၃ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ပူးပေါင်းပါဝင်သော အဖွဲ့က ကွင်းဆင်းစစ်ဆေးကြသည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ တောင်ကြီးမြို့ အမှတ်(၁၅)မှုခင်းတပ်ဖွဲ့စု ဒုတိယရဲမှူး အောင်စိုးမင်းနှင့် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆေးဆိုင်၊ အလှကုန်ပစ္စည်းဆိုင်တို့၌ ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိ၊ ပျက်စီးနေသည့်ဆေးများ၊ ထားသိုရမည့် ပုံစံစနစ်ကျ၊ မကျတို့ကို စစ်ဆေးကြသည်။ ယင်းသို့စစ်ဆေးရာတွင် လိုင်စင်ဆောင်ရွက်ထားခြင်း မရှိသည့် ဆေးနှင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးများ တွေ့ရှိလျှင် သိမ်းဆည်းခြင်းနှင့် အရေးယူခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ဦးစီးအရာရှိဒေါ်နီလာဝင်း၏ ပြောကြားချက်အရ သိရသည်။