ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပ လူနာဌာနများကို ကင်ဆာဓာတ်ရောင်ခြည် ပြင်ပလူနာဌာနတွင် အချိန်နှင့် နေရာများ ပြောင်းလဲ ဖွင့်လှစ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကု ပြင်ပလူနာဌာနများကို အစိုးရရုံးပိတ်ရက်မှအပ တနင်္လာနေ့မှစ၍ သောကြာနေ့အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ် ရောင်ခြည်ပြင်ပ လူနာဌာနတွင် အချိန်နှင့် နေရာများ ပြောင်းလဲဖွင့်လှစ်လျက်ရှိ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပ လူနာဌာနများကို လသာမြို့နယ် အမှတ် (၂)အခြေခံပညာ အထက် တန်းကျောင်း၌ ပြောင်းလဲဖွင့်လှစ် ကုသပေးခဲ့သော်လည်း ဇူလိုင် ၂၁ ရက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အထူးကုပြင်ပ လူနာဌာနများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာဓာတ်ရောင်ခြည် လူနာဌာနတွင် ဇွန် ၁၅ ရက်မှစ၍ အချိန်နှင့်နေရာခွဲကာ ပြောင်းလဲဖွင့်လှစ် လျက်ရှိသည်။
''လူနာစာရင်းတွေ ယူတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ လူဦးရေ ၅ဝ ကျော်သွားရင် နောက်တစ်ပတ် တနင်္လာနေ့မှာ ပြန်ပြနိုင်ဖို့ ဘိုကင်စနစ် ပြုလုပ်ပေးထားပါတယ်။ အထူးအစီအစဉ် အနေနဲ့ လာရောက်ပြသသူတွေထဲက ဘုန်းကြီး၊ သီလရှင်၊ အသက် ၈ဝ နှစ်နဲ့အထက် အသက်အရွယ်ရှိတဲ့သူတွေက ဘိုကင်ယူစရာ မလိုပါဘူး။ ထိုင်ခုံ တွေကအစ သတ်မှတ်ပေးထားပါတယ်'' ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ အချိန်နှင့်နေရာ သတ်မှတ်ချက်များကြောင့် ပြသရမည့် ဌာနများကိုလည်း အချိန် သတ်မှတ်ချက်ထားခြင်းများ ရှိကြောင်း၊ ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၌ နံနက် ၈ နာရီခွဲမှစ၍ ကြည့်ရှုပေးပြီး ကျန်ဌာနများ၌ နံနက် ၁ဝ နာရီတွင် စတင်ကြည့်ရှုပေးမည်ဖြစ်ကာ ညနေပိုင်း ဆေးရုံဆင်းလူနာများကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကြည့်ရှုပေးမည်ဖြစ်ကြောင်း သိရသည်။