ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားသော ကော်ဖီပင်များ အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
ကော်ဖီပင်များသည် အအေးပိုင်းဒေသများ၌ အောင်မြင်ဖြစ်ထွန်းလေ့ရှိသည်။ ဖဲလျားကျေးရွာ၌နေထိုင်ကြသော ဒေသခံပြည်သူတချို့သည် ၎င်းတို့၏ အိမ်ခြံဝိုင်းများအတွင်းရှိ အရိပ်ရအပင်များအောက်၌ ကော်ဖီပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြခြင်း ဖြစ်သည်။
ရရှိလာသော ကော်ဖီသီးများကို အခြောက်လှန်းပြီး ကော်ဖီစေ့များထုတ် ကာ အခွံများကို လက်ဖက်ခြောက်အနေ ဖြင့် ပြန်လည် သောက်သုံးနိုင်ပြီး အခြောက်ခံပြီးသော ကော်ဖီစေ့များကို ရောင်းချရာတွင် ယခင်နှစ်က နို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် ရောင်းချကြကာ ယခုနှစ်တွင် ပိုမိုဈေး ကောင်းရရှိရန် မျှော်မှန်းထားသည်။
ကော်ဖီပင်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ ရှမ်းပြည်နယ် နောင်ချို၊ ရွာငံ၊ ဟိုပုံး၊ ပင်လောင်း စသည့် ဒေသများအပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ဒေသတချို့၌လည်း စိုက်ပျိုးကြကြောင်း သိရသည်။
ဆောင်းဦး