ရန်ကုန်-ပြည်ရထားလမ်းရှိ မှော်ဘီမြို့နယ်အနီးနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သင်္ဃန်းကျွန်းမြို့နယ် အနီး၌ မသမာသူ အကြမ်းဖက်သမားများက သံလမ်းများ ဖြုတ်ထားမှု ဖြစ်ပွား

နေပြည်တော်  မတ်  ၁၉

ရန်ကုန်-ပြည် ရထားလမ်းပိုင်းရှိ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ မတ် ၁၄ ရက်တွင်  လှော်ကားဘူတာနှင့်  မှော်ဘီဘူတာကြား မိုင်တိုင် (၁၈/၁၄-၁၅) အတွင်းရှိ  ၃၉ ပေအရှည် သံလမ်းတစ်ချောင်းအား မသမာသူများမှဖြုတ်၍     ဖယ်ရှားထားကြောင်း သိရှိရသဖြင့် အငယ်တန်း အင်ဂျင်နီယာ(၃) သံလမ်းနှင့်   ဝန်ထမ်းအင်အား ခြောက်ဦးတို့ဖြင့်   သွားရောက်ပြုပြင်ခဲ့ရာ မတ် ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြုပြင်ပြီးစီးခဲ့သည်။

ထိုနည်းတူ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ  သင်္ဃန်းကျွန်းမြို့နယ်အနီး၌  မတ်၁၇ ရက် နံနက် ၁၀  နာရီတွင် မသမာသူအကြမ်းဖက်သမားများက   သံလမ်းများ ဖြုတ်ယူမှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မတ် ၁၇ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် Honda  Fit အနက်ရောင် ယာဉ်အမှတ် YGN 2F-3959 ဖြင့် သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက်ဘက်မှ စီးနင်းလာသော မသမာသူလူငါးဦးသည် ဆယ်ပေါင်တူများ၊ ခွများနှင့်အတူ (ခ)ရပ်ကွက်  ဇဝနဘက်ခြမ်းမှ  ခြေကျင်လျှောက်လာသော  မသမာသူလူငါးဦး၊ စုစုပေါင်း ၁၀ ဦးတို့သည် သင်္ဃန်းကျွန်းမြို့နယ်  အဝေရာလမ်း  ရထားလမ်းဆုံ Level Crossing  အနီးတွင် ကြိုတင်ချိန်းဆို တွေ့ဆုံပြီးနောက် အဆိုပါ နေရာအနီးရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းအား ဖြုတ်သွားခဲ့ကြောင်း မွန်းလွဲ ၂ နာရီခွဲတွင် သိရှိရသည်။

အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ညနေ ၃ နာရီတွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ရထားရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးရထားလမ်း၊ နှင်းဆီကုန်း-သင်္ဃန်းကျွန်းဘူတာကြား မိုင်တိုင်အမှတ်(၄/၂၀)နေရာတွင်  အဆန်ရထားလမ်း  ၃၉  ပေအရှည် ရထားသံလမ်းတစ်ဆက် ဖြုတ်ထားခြင်း၊ အစုန်ရထားလမ်း ၃၉ ပေအရှည် ရထားသံလမ်းတစ်ဆက်   ကွန်ကရစ်ဇလီဖားတုံးမှ သံလမ်းထိန်းကလစ် ဖြုတ်ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ရထားလမ်းပျက်စီးမှုများအား ပြုပြင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် မိုင်တိုင်အမှတ်(၄/၃-၄)တွင်   မြန်မာ့မီးရထားမှ တိုင်းတာဝန်ခံဦးစီး၍ အငယ်တန်းအင်ဂျင်နီယာ(၁)နှင့်    သံလမ်းပြုပြင်ရေး လုပ်သား ၁၅ ဦးနှင့် ရထားရဲတပ်ဖွဲ့ဝင်များ လိုက်ပါပြီး မတ် ၁၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြုပြင်ပြီးစီးခဲ့သည်။ ရထားလမ်း၊ သံလမ်းပျက်စီးမှုနှင့် ပတ်သက်၍ မတ် ၁၇ ရက်တွင် သင်္ဃန်းကျွန်းရဲစခန်း၌   (ပ)   (၁/၂၀၂၁)   ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။ 

 မြန်မာ့မီးရထား