နေပြည်တော် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများကို အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်ထားသဖြင့် ပြည်သူများ၏ သွားလာရေး အခက်အခဲများရှိခြင်း၊ မီးဘေးအန္တရာယ်အခြေအနေနှင့် အရေးပေါ် ကျန်းမာရေး အခြေအနေတို့တွင် အခက်အခဲများရှိခြင်းတို့ ဖြစ်ပေါ်လာနိုင်သောကြောင့် ယနေ့တွင်လည်း အဆိုပါ အတားအဆီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းပေးခဲ့သည်။
ထိုသို့ အတားအဆီးများကို ဖယ်ရှားရှင်းလင်းပေးသည့် တာဝန်သိပြည်သူတစ်ဦး၏ စကားသံများကို ယခုလိုပဲကြားသိရပါသည် -
“ကားတွေကပိတ်ထားတော့ သိပ်ပြီးအဆင်မပြေဘူး။ ကားတွေလည်းမရှိ။ လမ်းတွေလည်းပိတ်ထားတော့ ဆိုင်ကယ်ကယ်ရီခေါ်ပြီး အစ်မတို့ ဈေးဝယ်ရတာ သိပ်ပြီးအဆင်မပြေဘူး။ အစ်မကဈေးရောင်းတော့ အခက်အခဲဖြစ်တယ်။ လိုင်းကားတွေ ပိတ်ထားတော့ ဈေးဝယ်တာကအစ သိပ်ပြီးအဆင်မပြေဘူး ခက်ခဲပါတယ်။ ဥပမာပြောပြမယ် သေရေးရှင်ရေးအတွက် လမ်းတွေပိတ်ထားတဲ့အခါကျ အဆင်မပြေဘူး။ ဒီလိုလမ်းတွေဖွင့်ထားမယ်ဆိုရင် အဆင်ပြေပါတယ်။ လမ်းတွေကိုတော့ အဲ့လိုတွေ မပိတ်စေချင်ပါဘူး။ ဒီလို လမ်းမှာ အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ဒီလိုအန္တရာယ် ပေါင်းစုံနဲ့ ကြုံတွေ့တဲ့အခါ ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အတွက် သွားလို့လာလို့ရတာပေါ့။ ပိတ်တာကို မပိတ်စေချင်ဘူးရှင့်။ ကျေးဇူးအများကြီး တင်တယ်။ တကယ်ကို ကျေးဇူးအများကြီးတင်တာပါ။ အစ်မဆိုရင် ယောက်ျားသားမရှိဘူးလေ။ မုဆိုးမဆိုတော့ ကိုယ်တိုင်ဈေးရောင်းစားနေရတယ်။ ဒါကြောင့် လမ်းတွေရှင်းလင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်။
အခု ညဘက် ၆ နာရီ ၇ နာရီဆိုရင် ဝင်အိပ်တာပဲ။ အခု Martial Law ထုတ်တာ ၈ နာရီလေ။ ကိုယ့်အိမ်တံခါးကိုပိတ် ဘုရားရှိခိုးပြီးအိပ်တာပါပဲ။ အပြင်ထွက်တာမရှိဘူးပေါ့။ မနက်မိုးလင်းရင် အစ်မတို့က ကိုယ့်ဈေးကိုယ်ရောင်းတာပါ။ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးလည်ပတ်ပြီး ချောင်ချောင်လည်လည် စားရသောက်ရရင် စိတ်ချမ်းသာပါတယ်။ အခုလိုမျိုးဖြစ်နေတဲ့အတွက် အစ်မတို့လည်း စိတ်မချမ်းသာပါဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် နေပြည်သူတစ်ဦးက ပြောသည်။