ယခုနှစ်အတွင်း ဥရောပဈေးကွက်သို့ ပျားရည်တင်ပို့နိုင်ရန် နိုင်ငံတကာအသိ အမှတ်ပြုလက်မှတ်ရရှိရေး ဒုတိယအဆင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ပျားရည်ကို ပြည်ပသို့ တင်ပို့နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရေး ပထမအဆင့်အဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းရေးဆွဲသော ဓာတ်ကြွင်းစောင့်ကြည့်ခြင်း လုပ်ငန်းစဉ် ပြီးစီးပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ဒုတိယအဆင့်ကို ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ တစ်နှစ်လျှင် ပျားရည်တန်ချိန် ၂၅၀၀ မှ ၃၀၀၀ ကြား တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အဓိကထားတင်ပို့နေကာ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့လည်း တင်ပို့လျက်ရှိသည်။
ပျားရည်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ မှ ၁၉၀၀ ကြားဈေးရရှိပြီး ပြည်တွင်း၌ ပျားမွေးမြူရေး လုပ်ငန်းရှင် ၉၀၀ ကျော်ရှိကာ ပျားအုံပေါင်း နှစ်သိန်းခန့်အထိ မွေးမြူထားပြီး ပျားရည်ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ပျားမွေးမြူရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ စီးပွားဖြစ်မွေးမြူနေကြပြီး တစ်နှစ်လျှင် စုစုပေါင်း ပျားရည်ထုတ်လုပ်မှုတန်ချိန် ၆၅၀၀ ခန့်အထိရှိကြောင်း သိရသည်။
ရန်ကင်း