နေပြည်တော် မတ် ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၈၀၉၆၅ ဦး၊ အတွင်းလူနာ ၄၀၉၇ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၇၄၄ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၁၉၇၅ ဦး၊ စုစုပေါင်း ၅၇၁၉ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၀၇၈ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၁၀၈ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၅၁၈၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။