ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ

နေပြည်တော်  မတ်  ၁၉

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက်   ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ  COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာ ပွားများနိုင်ရေးအတွက်  ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ  ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်   မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက် ရှိကြသည်။

ထို့ပြင်  နိုင်ငံတစ်ဝန်းရှိ  အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ဟိန္ဒူ ဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများပြည်သူဝတ်ပြု ကြည်ညို နိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြောင်း သတင်းရရှိသည်။