နေပြည်တော် မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်း၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက် များနှင့်အညီ ပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များ၊ တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာက စိန်ရောင်ခြည် ဂါထာတော်ဖြင့် ဘုရားပင့်ဆောင်တော် မူကြသည်။ ထို့နောက် တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက် လာကြသူများက မရမ်းချိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိဂြောဓါရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတက သြဝါဒကထာ ချီးမြှင့်တော်မူသည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့မှ ဧပြီ ၆ ရက်အထိ သံဃာတော်အရှင်သူမြတ်များက ကိုးရက်၊ ဥပါသကာများကကိုးရက် စုစုပေါင်း ၁၈ ရက် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။