နေပြည်တော် မတ် ၁၉
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ လင်းခေးမြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ မောက်မယ်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့နယ်တို့ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရုံး၊ ဘုရားကျောင်းဆောင်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ကျုံပျော်မြို့၊ ရေကြည်မြို့နှင့် ငပုတောမြို့တို့အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သတ်မှတ်နေရာ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။