ရှမ်းပြည်နယ်(တောင်ပိုင်း)နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်များ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဖယ်ခုံမြို့သို့ သွားရောက်စဉ် ဆူပူအကြမ်းဖက်သူ လူတစ်စုက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

နေပြည်တော်၊ မတ် - ၂၀

   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  နယ်မြေခံတပ်ရင်းမှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၂ ဦးတို့သည် မတ် ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ဖယ်ခုံမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန်အတွက် ဏေျနမသ  အမျိုးအစား မော်တော်ယာဉ်အမှတ်၊    MDY-7/------ ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လယ် ၂ နာရီခွဲခန့်တွင် ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင်ခြေကျေးရွာအနီးသို့ အရောက်၌ အရပ်သား အကြမ်းဖက်လူအုပ်စုနှင့်တွေ့ဆုံ နေရကြောင်း တပ်ရင်းဌာနချုပ်သို့ ဖုန်းဆက်သွယ်မှုပြုလုပ်ပြီးနောက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။

   

အဆိုပါ အရာရှိ၊ စစ်သည်များနှင့် ဆက်သွယ်မှုရရှိရေး နယ်မြေခံတပ်ရင်းများမှ မတ် ၁၆ ရက်နေ့မှစ၍ နည်းလမ်းမျိုးစုံဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ဖလိုင်တောင်ခြေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်မှု ရရှိခဲ့ကာ ၎င်းတို့ရွာသားများ ထိန်းသိမ်းထားကြောင်း   သိရှိရခဲ့သည်။

   

အဆိုပါ ထိန်းသိမ်းခံရထားရသည့် အရာရှိ၊စစ်သည်များအား ပြန်လည်ခေါ်ဆောင် နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက မတ် ၁၆ ရက်နေ့တွင်ပင် ဖလိုင်တောင်ခြေကျေးရွာသို့ ရောက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရွာတွင်းဝင်ရောက်မှုကိုလည်း ရွာသားအများစုက ပိတ်ဆို့ဆန့်ကျင်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များက ညှိနှိုင်းပြောဆို မှုကြောင့် ရွာတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ဖမ်းဆီးခံရသူများ တွေ့ရှိရခြင်း မရှိသည့်အပြင် သတင်းဆက်ပါ ပျောက်ဆုံးခဲ့သဖြင့် ၎င်းကျေးရွာ အနီးတစ်ဝိုက်မှ မသင်္ကာသူ ၂၀ ဦးခန့်အား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။

   

ထိုသို့စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်စဉ် ကဖုကျေးရွာတွင် နေထိုင်သူ အန်ထောင်ညို၏ ပြောပြချက်အရ မတ် ၁၅ ရက်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုက လူစိမ်းများအား ခေါ်ယူစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း၊ မတ် ၁၆ ရက်တွင် အဆိုပါ လူစိမ်းများအား ဆူပူအကြမ်းဖက်သူလူတစ်စုက လယ်ထွန်ကျေးရွာ၏ အရှေ့မြောက်ဘက် တောင်ကုန်းပေါ်သို့ ၎င်းတို့စီးနင်းလာသည့် ယာဉ်နှင့်အတူ ခေါ်ဆောင်သွားကြောင်း ကြားသိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ မတ် ၁၉ ရက်တွင် ရှာဖွေမှု များဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ၃၅ ပေခန့်နက်သော ချောက်အတွင်း၌ ကား ၁ စီး မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် စိစစ်ခဲ့ရာ ပျောက်ဆုံးနေသည့် အရာရှိ၊ စစ်သည်များ စီးနင်းလာသည့် မော်တော်ယာဉ်ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းနေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေခဲ့ရာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်  အ၀ ၅ ပေခန့်၊ အနက်     ၄၀ ပေခန့်ရှိ ကျင်း ၁ ကျင်းအတွင်း၌ လက်ပြန်ကြိုးတုပ်ထားလျက် သေဆုံးနေသည့် အလောင်းများအား တွေ့ရှိရသဖြင့် အနီးဆုံးတပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်လျက် ရင်ခွဲစစ်ဆေးချက်နှင့် အတည်ပြုချက် ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးနေကြသည့် အရာရှိ၊ စစ်သည်များအား အရပ်ဝတ်ဖြင့် ရက်စက်စွာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း တွေ့ရသည်။

   

အဆိုပါ အုပ်ချုပ်မှုကိစ္စဆောင်ရွက်မည့် အရာရှိ၊ စစ်သည်များသည် လက်နက်ကိုင်ဆောင်ခြင်း မရှိဘဲ အရပ်ဝတ်၊ အရပ်ယာဉ်ဖြင့် တပ်ဌာနချုပ်သို့ ညောင်ရွှေ-စံကား- မိုးဗြဲ အင်းအရှေ့လမ်းကြောင်းအတိုင်းလာရောက်စဉ် ကားလမ်းဘေးရှိ ဖလိုင်တောင်ခြေ ကျေးရွာမှ စိစစ်ဖော်ထုတ်ဆဲ အကြမ်းဖက်လူအုပ်စု၏ ဥပဒေမဲ့အကြောင်းမဲ့နှိပ်စက် သတ်ဖြတ်မှုကို တွေ့ကြုံရခြင်းဖြစ်သည်။

   

ဥပဒေမဲ့အကြမ်းဖက် လူအုပ်စုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အရာရှိ၊ စစ်သည် များအပေါ် အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများအား အမြန်ဆုံးလက်ရ ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး နေ့။ည မပြတ် ဖလိုင်တောင်ခြေ  ကျေးရွာပတ်ဝန်းကျင်အနှံ့စုံစမ်းဖော်ထုတ်ခဲ့ရာ မတ် ၂၀ ရက်နေ့အထိ အမှုတွင်ပါဝင် ကျူးလွန်ခဲ့သည့်ဟု ယုံကြည်ရသည့် ဦးကေကော်ရီရို ၅၅ နှစ်(ဘ) ဦးဘဲနီ နှင့် ဦးမောင်လာ ၄၈ နှစ်(ဘ)ဦးခရိုင်း၊  ဖယ်ခုံမြို့၊ လယ်ထွန်းကျေးရွာ၊ ဦးမောင်ငြိမ်း ၅၁ နှစ် (ဘ)ဦးဟွီ နှင့် ဦးမောင်ခုန်း ၄၅ နှစ် (ဘ)ဦးကောင်း ဖာလိုင်တောင်ခြေကျေးရွာတို့ ၄ ဦးအား စစ်ဆေး  ဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အရေးယူနိုင်ရေး  သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။