နေပြည်တော်၊ မတ်လ ၂၀
၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်လက်နက် ကိရိယာများ ပြုလုပ်နေကြောင်း သတင်းအရ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်နေ ယဉ်ဌေး (၅၈)နှစ် (ဘ) ဦးခင်မောင်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ပါသည်။
ထိုသို့ရှာဖွေခဲ့ရာ ယဉ်ဌေး နေထိုင်ရာ အိမ်အတွင်းမှ ဂျင်ကလိ ၄၂ ချောင်း၊ အရိုးအသွား ၅ ပေ ခန့်ရှိ မှိန်း ၂ ချောင်း၊ အရှည် ၅ ပေခန့်ရှိ သံချွန် ၅ ချောင်း၊ မီးသတ်ဆေးဘူးအခွံ ၁ ခု၊ မောင်းခလုတ် တပ်ဆင်ထားသော ဘောစေ့ထည့် ပစ်ခတ်ရသည့် Air Gun ပြုလုပ်ဆဲအပိုင်းအစ ၁ ခု၊ လေးခွ ၃ လက်၊ လောက်စလုံး ၁၀ လုံးနှင့် ခွပ်ဒေါင်းနှင့် ကြယ်တံဆိပ်ပါ အလံ ၂ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုရန် လက်လုပ်လက်နက်ကိရိယာများ ပြုလုပ်၍ လက်ဝယ်ထားရှိသူ ယဉ်ဌေးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိပါသည်။