နေပြည်တော်၊ မတ် - ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဇရပ်ဖြူကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မတ် ၁၉ ရက် ည ၈ နာရီခွဲခန့်တွင် တွင် မဲပလဲကျေးရွာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဝင်းနှင့် ဝှေ့ရှမ်းကျေးရွာ၊ ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုင်းခင်ဝင်းတို့ဦးစီး၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများ ၁၀၀ ဦးခန့်ဖြင့် အစည်းအဝေးပြုနေစဉ် ည ၉ နာရီခန့်တွင် အရပ်ဝတ်မျက်နှာဖုံး စပ်ထားသည့် အမျိုးသား ၃ ဦးက လက်နက်ငယ်များကိုင်ဆောင်ပြီး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ အစည်းအဝေး လုပ်နေသည့် ကျေးရွာသူ၊ ကျေးရွာသားများအား ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့သည်။
ထိုသို့ အကြမ်းဖက်လူတစ်စု၏ ပစ်ခတ်မှုကြောင့် မဲပလဲကျေးရွာအုပ်ချုပ်ရေးမှူဖြစ်သူ ဦးအောင်ဝင်း (ဘ)ဦးဝင်းလှိုင်၊ ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုင်းခင်ဝင်း (ဘ)ဦးနန်းအောင်၊ ဦးကျော်လင်းဦး (ဘ)ဦးဟန်သိန်းတို့မှာ သေဆုံးသွားခဲ့ပြီး ဦးတင်လှ(ဘ) ဦးလှမောင်၊ ဦးဘိုကေ(ဘ)ဦးလှမျိုးတို့မှ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြသည့် ဒေသခံပြည်သူများနှင့် တာဝန်သိဝန်ထမ်း များအပေါ် ယခုကဲ့သို့မင်းမဲ့ စရိုက်ဆန်စွာ လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လူ တစ်စုအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ပိတ်ဆို့ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။