နေပြည်တော်၊ မတ် - ၂၀
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီတာဝန်ထမ်းဆောင်လျက်ရှိ သည်။
အဆိုပါ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် (၁၄)ကြိမ်မြောက်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ စုစုပေါင်း ၄၀ ဦးနှင့် တာဝန်လဲလှယ် ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။ ထို့နောက် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စားအဖွဲ့ဝင် တစ်ဦးက သွားရောက် သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက ဆေးဝန်ထမ်းအဖွဲ့အား စားသောက်ဖွယ်ရာ များပေးအပ်သည်။
လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင် ကြမည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် မေ့ဆေးပါရဂူ ၅ ဦး၊ ရောဂါဗေဒပါရဂူ ၁ ဦး၊ ခွဲစိတ်ပါရဂူ ၁ ဦး၊ ဓာတ်မှန်ပါရဂူ ၂ ဦး၊ ဆေးမှူးဆရာဝန် ၃ ဦးနှင့် သူနာပြုအရာရှိ ၂၆ ဦး စုစုပေါင်း ၃၈ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။