ငလျင်ဆိုတာ အချိန်တိုင်းနီးပါး လှုပ်ခတ်နေတဲ့ ဘူမိဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ကို ကမ္ဘာတစ်ဝန်းမှာ လှုပ်ခတ်တဲ့ငလျင်အကြိမ်ပေါင်းက ၂၀၀၀၀ ကျော်ရှိပြီး ပျမ်းမျှတစ်ရက် ပမာဏကတော့ ၅၅ ကြိမ်တောင်ရှိပါတယ်။
ဒီထဲကမှ လူသူလေးပါးနဲ့အိုးအိမ်တိုက်တာတွေသေကျေပျက်စီးရတဲ့ ငလျင်အကြိမ်ရေက တစ်နှစ်ကို ၁၆ ကြိမ်လောက်ရှိတာပါ။ ဘူမိဗေဒအရဆိုရင် ငလျင်ကြီးတစ်ခု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို အခုလိုရှင်းလင်း ထားပါတယ်။
ကမ္ဘာမြေအောက် ပြတ်ရွေ့ကြော တစ်လျှောက်မှာရှိတဲ့ ကျောက်ချပ်လွှာကြီးတွေ ရုတ်တရက်ကျိုးသွားတဲ့ အခါမျိုးတွေမှာ ငလျင်တွေဖြစ်ပေါ်လေ့ ရှိပါတယ်။
ဒီလိုကျောက်ချပ်လွှာကြီးတွေ ကျိုးရာမှ ထွက်ပေါ်လာတဲ့ စွမ်းအင်ကြောင့် မြေငလျင်လှိုင်းတွေ ဖြစ်ပေါ်လာပြီး အဲဒီလှိုင်းတွေကြောင့် မြေပြင်တုန်ခါရခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ တချို့ငလျင်တွေကတော့ သဘာဝအလျောက်ဖြစ်ရခြင်း မဟုတ်ဘဲ လူသားတွေရဲ့ ပယောဂကြောင့်ဖြစ်ရခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်လိုမျိုး စက်မှုထွန်းကားတဲ့ အချိန်မှာ ငလျင်ဖြစ်ပေါ်မှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါပြီ။
လူသားတွေအနေနဲ့ ကမ္ဘာမြေအောက်မှာရှိတဲ့ သယံဇာတတွေကို တူးဖော်ချိန်မှာ ကမ္ဘာ့ကျောက်ချပ်လွှာအပေါ်မှာရှိတဲ့ မြေအောက်ရေစီးဆင်းမှုကို ဟန့်တားနှောင့်ယှက်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီကနေမှတစ်ဆင့်ပြီး တစ်ဆင့် ဆက်စပ်ပြီး ငလျင်လှုပ်မှုတွေ ဖြစ်လာရပါတယ်။
ဒီတစ်ပတ်အတွက် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ လူသားတွေရဲ့ လုပ်ဆောင်မှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။
သတ္တုတွင်းစီမံကိန်းများ
သတ္တုတွင်းလုပ်ငန်းတွေဟာ နှစ်ပရိစ္ဆေဒကြာမြင့်နေပြီဖြစ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သတ္တုတွင်းကုမ္ပဏီတွေဟာ ကမ္ဘာ့အပေါ်ယံလွှာကနေအောက်ဘက်ကိုနစ်သည်ထက်နစ်သည်အထိ တူးဖော်
နေကြပါပြီ။
ဒီလိုတူးဖော်မှုတွေကြောင့် ကမ္ဘာမြေအောက်မှာရှိတဲ့ကျောက်စိုင်ကျောက်ခဲတွေနဲ့ တခြားအရာဝတ္ထုတွေဟာ မူလနေရာကနေ ဖယ်ရှားခံရတဲ့အတွက် ကမ္ဘာမြေကြီးရဲ့ ဟန်ချက်ကို ပျက်ယွင်းစေရာကနေ တစ်ဆင့် ငလျင်တွေကို ဖြစ်ပေါ်စေပါတယ်။
မြေငလျင်သုတေသနဂျာနယ်မှာ ဖော်ပြချက်အရဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်း ၁၅၀ အတွင်း လူသားတွေရဲ့ လုပ်ဆောင်မှု ကြောင့် ငလျင်လှုပ်ခတ်တဲ့နေရာ ၇၃၀ ရှိပြီး အဲဒီထဲကမှအများစုဟာ သတ္တုတွင်းလုပ်ငန်းတွေကြောင့် ဖြစ်တယ်ဆိုတာ သိရပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံယူထာပြည်နယ်ရှိ ခရန်ဒယ်ချောက်လို့ အမည်ရတဲ့ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ရစ်ချ်တာစကေး ၃ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ရေလှောင်တမံများတည်ဆောက်မှု
ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ လူသားတွေရဲ့ နောက်ထပ်လုပ်ဆောင်မှု တစ်ခုကတော့ ရေလှောင်တမံတွေ တည်ဆောက်မှုပဲ ဖြစ်ပါတယ်။
ဒီလိုရေလှောင်တမံတွေ တည်ဆောက်ရာကနေ လူကြောင့်ဖြစ်တဲ့ သမိုင်းတွင် ငလျင်လှုပ်ခတ်မှုကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲကမှတစ်ခုက တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားတာဖြစ်ပြီး ရစ်ချ်တာစကေး ၇ ဒသမ ၉ ရှိပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဇိပင်းဖူရေလှောင်တမံအောက် နာမည်ကျော်ပြတ်ရွေ့ကြော အပေါ်မှာ စုဆောင်းထားတဲ့ ရေတန်ချိန်သန်းပေါင်း ၃၂၀ ကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အဲဒီငလျင်ကြောင့် လူပေါင်း ၈၀၀၀၀ ကျော်သေကျေပျောက်ဆုံးခဲ့ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ရေလှောင်တမံအများအပြားက ငလျင်လှုပ်ခတ်မှုဖြစ်လေ့ရှိတဲ့ နေရာတွေမှာသာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် များသောအားဖြင့် ရေလှောင်တမံတွေကို တောင်ကြားတွေမှာသာ တည်ဆောက်ရတာကြောင့်ပါ။ တကယ်တမ်းတော့ ဒီလိုတောင်ကြားတွေဆိုတာ ပြတ်ရွေ့ကြောတွေ အများဆုံးဖြစ်ပေါ်နေတဲ့ နေရာတွေပါ။
ရေလှောင်တမံကရေပမာဏများများ စုဆောင်းနိုင်လေလေ ငလျင်ဖြစ်ဖို့ အခွင့်အလမ်းပိုများ လေလေပါပဲ။ အကြောင်းရင်းကတော့ စုဆောင်းထားတဲ့ ရေပမာဏရဲ့ အလေးချိန်က ကမ္ဘာ့ကျောက်ချပ်လွှာကြီးတွေအပေါ် ဖိအားကျရောက်စေလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ကျောက်ချပ်လွှာရဲ့ ဝန်ပိနေပြီဖြစ်တဲ့ မြေပေါ်မှာ ရေလှောင်တမံတွေကို တည်ဆောက်ခြင်းကလည်း အချိန်တိုအတွင်း ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
တွင်းများတူးခြင်း
ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ စက်ယန္တရားတွေဟာ ရုပ်ကြွင်းလောင်စာတွေကို မီးရှို့ရာကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်ကြောင့် လည်ပတ်နေတာဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာတွေ ဆိုတာကတော့ မြေအောက်ကနေရရှိတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေပါပဲ။
ဒီနေ့လိုခေတ်မှာ စက်စွမ်းအား အသုံးပြုလေလေ ရုပ်ကြွင်းလောင်စာပိုမိုလိုအပ်လေလေပါပဲ။ လိုအပ်တဲ့ ရုပ်ကြွင်းလောင်စာတွေကို ကမ္ဘာ့ကျောက်ချပ်လွှာကြီးတွေရဲ့ အောက်ကနေ တူးဖော်ထုတ်ယူရတာပါ။
ဒီလိုထုတ်ယူနိုင်ဖို့အတွက် ရေနံတွင်းတွေ၊ သဘာဝဓာတ်ငွေ့တွင်းတွေ တူးရပါတယ်။ အဲဒီတွင်းကိုတူးဖို့အတွက် ဟိုက်ဒရောလစ်စနစ်ကို အသုံးပြုလာကြပါပြီ။
ဒီစနစ်တွေဟာ ကမ္ဘာမြေအောက်မှာရှိတဲ့ ကျောက်ချပ်လွှာတွေကိုခွဲဖို့ ဖိအားပြင်းအရည်ကိုအသုံးပြုပါတယ်။ ရေ၊ သဲ စတဲ့အရာတွေပေါင်းစပ်ပါဝင်တဲ့ ဖိအားပြင်းအရည်ရဲ့ တိုက်စားမှုကြောင့် ကျောက်ချပ်လွှာကြီးတွေမှာ အပေါက်ဖြစ်ပြီး သူ့အောက်မှာရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေက အပေါ်ကိုတက်လာတာ ဖြစ်ပါတယ်။
အဲဒီတော့ ကျောက်ချပ်လွှာကြီးတွေ အနေနဲ့ ခိုင်မာမှုမရှိတော့တဲ့အတွက် ငလျင်လှုပ်မှုတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် တွင်းများတူးခြင်းကလည်း ငလျင်လှုပ်မှုတွေကို ဖြစ်ပေါ်စေတဲ့ လူသားတွေရဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
နျူကလီးယားပေါက်ကွဲမှုများ
တစ်ခါတစ်ရံမှာတော့ နျူကလီးယား ပေါက်ကွဲမှုကြောင့် ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ကိုလံဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်မှာလုပ်တဲ့ နျူကလီးယား ဗုံးစမ်းသပ်မှုကြောင့် နောက်ထပ်ရှစ်လကြာတဲ့အထိ နောက်ဆက်တွဲငလျင်တွေဖြစ်ပေါ်တာကို တွေ့ရပါတယ်။
နျူကလီးယားဗုံးစမ်းသပ်မှုကို လုပ်တဲ့နေရာက အရင်က မြေပုံမတင်ထားတဲ့ ပြတ်ရွေ့ကြောအနီးမှာ ဖြစ်တာကြောင့် ရစ်ချ်တာစကေး ၆ ဒသမ ၃ ရှိတဲ့ ကနဦးငလျင်ကြီးလှုပ်ခတ်ပြီး မိနစ်ပိုင်းအကြာမှာတော့ ရစ်ချ်တာစကေး ၄ ရှိတဲ့ နောက်ဆက်တွဲငလျင်တစ်ခု ထပ်လှုပ်ပါတယ်။
နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲမှုက အင်မတန်ပြင်းထန်ပါတယ်။ များသောအားဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်
တဲ့နိုင်ငံတွေက သူတို့ရဲ့နျူကလီးယားဗုံးတွေကို မြေအောက်တွေမှာသာ ဖောက်ခွဲစမ်းသပ်ကြတာပါ။
ဒီလိုပေါက်ကွဲမှု ပြင်းထန်လှတဲ့ နျူကလီးယားဗုံးတွေကို မြေအောက်မှာဖောက်ခွဲခြင်းက ကျောက်ချပ်လွှာကြီးတွေကို ကျိုးပဲ့စေပြီး အားပြင်းငလျင်တွေကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ ။