နိုင်ငံတကာသတင်း

ရုရှား၏ ယူကရိန်းအထူးစစ်ဆင်ရေးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဆက်စပ်မှုမရှိဟုဆို

တီဟီရန်၊ နိုင်ငံရေး

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း လုပ်ဆောင်သော အထူးစစ်ဆင်ရေးနှင့် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့စားနပ်ရိက္ခာ အကျပ် အတည်းတို့ကြား မည်သို့မျှဆက်စပ်မှုမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇွန် ၂၃ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန်အမီယာအဒိုလာဟီယန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

စက်သုံးဆီချွေတာရေးအတွက် ဝန်ထမ်းများ နေအိမ်မှသာအလုပ်လုပ်ရန် ပါကစ္စတန်ဗဟိုဘဏ်ညွှန်ကြား

အစ္စလာမ်မာဘတ်၊ စက်သုံးဆီဖူလုံရေး

နိုင်ငံအနေဖြင့် စက်သုံးဆီကိုချွေတာနိုင်ရေးနှင့် ဒေါ်လာငွေကြေးပြတ်လပ်မှုမရှိစေရေးအတွက် ဗဟိုဘဏ်ဝန်ထမ်းများအနေဖြင့် သီတင်းပတ်တစ်ပတ်တွင် နှစ်ရက်ကို နေအိမ်မှသာ အလုပ်လုပ်ရန်နှင့် အစည်းအဝေးများကိုလည်း အဝေးရောက်စနစ်ဖြင့်သာ ကျင်းပရန် ပါကစ္စတန်ဗဟိုဘဏ်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

NATO အနေဖြင့် နောက်ထပ်စစ်အေးတိုက်ပွဲ ဖြစ်ပေါ်စေရေးမကြိုးပမ်းရန် တရုတ်တိုက်တွန်း

ပေကျင်း၊ နိုင်ငံရေး

NATO တပ်ဖွဲ့အနေဖြင့် နောက်ထပ်စစ်အေးတိုက်ပွဲ ဖြစ်ပွားစေရေးကြိုးပမ်းမှုများကို ရှောင်ကြဉ်ရန်၊ တရုတ်နိုင်ငံနှင့်ပတ်သက်၍ သတင်းအမှားများ ထုတ်ပြန်နေမှုရပ်တန့်ရန် တရုတ်နိုင်ငံကတောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ဇွန် ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စင်ကာပူနိုင်ငံ၌ မျောက်ကျောက်ရောဂါပထမဆုံးဖြစ်ပွားမှုရှိလာ

စင်ကာပူ၊ ကျန်းမာရေး

စင်ကာပူနိုင်ငံ၌ ၂၀၁၉ ခုနှစ်နောက်ပိုင်း မျောက်ကျောက်ရောဂါ ပထမဆုံးဖြစ်ပွားမှုရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုလိုက်သည်။

မျောက်ကျောက် ရောဂါဖြစ်ပွားသူသည် အသက် ၄၂ နှစ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဇွန် ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်စဉ် ရောဂါရှာဖွေစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်၌ငလျင်လှုပ်မှု သေဆုံးသူအနည်းဆုံးအယောက် ၁၀၀၀ နီးပါးရှိ

ကဘူး၊ သဘာဝဘေး

အာဖဂန်နစ္စတန်နိုင်ငံ၌ ဇွန် ၂၂ ရက်နံနက်အစောပိုင်းတွင် ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ရာ သေဆုံးသူ စုစုပေါင်း အနည်းဆုံး အယောက် ၁၀၀၀ နီးပါးရှိကြောင်းနှင့် ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိကြောင်း တာလီဘန် အာဏာပိုင်များက ပြောသည်။

ငလျင်လှုပ်ခတ်မှုကို အဆိုးဆုံးခံစားရသည့်ပြည်နယ်မှာ ပက်တီကာပြည်နယ်ဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ စာရင်းကို အဆိုပါ ပြည်နယ်ပြန်ကြားရေး ဌာနအကြီးအကဲက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

စက်သုံးဆီဈေးမြင့်တက်မှုအတွက် အမေရိကန်နိုင်ငံသား ၅၀ ရာခိုင်နှုန်းကျော်က ဂျိုးဘိုင်ဒင်ကိုအပြစ်တင်

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုအတွက် အမေရိကန်နိုင်ငံ သား ၅၀ ရာခိုင်နှုန်းကျော်က ဂျိုးဘိုင်ဒင်ကို အပြစ်တင်ဝေဖန်ထားကြောင်း သိရသည်။

အဆိုပါစစ်တမ်းကို ရက်စမက်ဆန်စစ်တမ်း ကောက်ယူရေးအဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဇွန် ၂၁ ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုစစ်တမ်းအရ အမေရိကန်နိုင်ငံသား၅၂ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်၏ ညံ့ဖျင်းလှသော စွမ်းအင် မူဝါဒများအပေါ်ကိုသာ အပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။

တောင်ကိုရီးယားက ပြည်တွင်းဖြစ်ဒုံးပျံဖြင့် ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်

ဆိုး၊ အာကာသ

တောင်ကိုရီးယားနိုင်ငံက ဇွန် ၂၁ ရက်တွင် ပြည်တွင်းဖြစ်ဒုံးပျံဖြင့် ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ကြောင်း သိရသည်။

တောင်ကိုရီးယားအလံတံဆိပ် ရိုက်နှိပ်ထားသည့် နျူရီအမည်ရှိ ကိုရီးယားဂြိုဟ်တု လွှတ်တင်ယာဉ်အမှတ်(၂)ကို နိုင်ငံအရှေ့ တောင်ပိုင်း ကမ်းရိုးတန်းရှိ ဂိုဟောင်းဒုံးလွှတ်ကွင်းမှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင်လွှတ်တင်လိုက်ခြင်း ဖြစ်သည်။

ဗြိတိန်၌ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးမီးရထား သပိတ်မှောက်မှုဖြစ်ပွား

လန်ဒန်၊ ပြည်တွင်းရေး

ဗြိတိန်နိုင်ငံ၌ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး မီးရထားသပိတ်မှောက်မှုသည် ဇွန် ၂၁ ရက်မှစတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ သပိတ်မှောက်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် လူနေထိုင်မှုစရိတ် မြင့်တက်လာသည့်အတွက်  ဖြစ်သည်။

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ မုတ်သုံကာလရေကြီးမှုများကြောင့် သေဆုံးသူအနည်းဆုံး ၁၁၆ ဦးအထိရှိလာ

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ မုတ်သုံကာလအတွင်းဖြစ်ပွားသောရေကြီးမှုများကြောင့် သေဆုံးသူအနည်းဆုံး ၁၁၆ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ဇွန်၂၁ ရက်တွင် ထုတ်ပြန်သည်။

မုတ်သုံကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လေဆိပ်တစ်ခုရေလွှမ်းမိုးခံရကာ တယ်လီဖုန်းတိုင်များ၊ တံတားများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုလဲသည့်အတွက် ပြည်သူသန်းပေါင်းများစွာမှာ အဆက်အသွယ်ပြတ်တောက်ပြီး ကယ်ဆယ်ရေး သမားများက ပြည်သူသိန်းပေါင်းများစွာကို မဖြစ်မနေကယ်ဆယ်မှုများ လုပ်ဆောင်နေရသည်။

အိန္ဒိယနိုင်ငံ၌ မုတ်သုံကာလအတွင်း ရေကြီးမှုနှင့် မိုးကြိုးပစ်မှုကြောင့် နောက်ထပ်သေဆုံးသူအနည်းဆုံး ၂၆ ဦးရှိလာ

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံ၌  ယခုနှစ်မုတ်သုံကာလအတွင်း  ရေကြီးမှုများနှင့်မိုးကြိုးပစ်မှုများကြောင့် နောက်ထပ်သေဆုံးသူအနည်း ဆုံး ၂၆ ဦးရှိလာ ကြောင်း  တာဝန်ရှိသူများက ဇွန် ၂၀ ရက်တွင်ပြောသည်။

မုတ်သုံကာလအတွင်း ရေကြီးရေလျှံမှုများသည် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ် များဖြစ်သည်။