စီးပွားရေး

ဆိုင်ကယ်ကူရှင်စွပ် တပ်ဆင်သူများ လာ၍ ကူရှင်ချုပ်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ဆိုင်ကယ်ကူရှင်စွပ်ချုပ် လုပ်ငန်း လုပ်ကိုင်သူများ မိုးတွင်းကာလတွင် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်ထိုင်ခုံများမှာ ကြာရှည်အသုံးမခံဘဲ ပေါက်ပြဲလွယ်ခြင်း၊ ချိုင့်ဝင်သွားခြင်းများ အပြင် ဆိုဒ်ကိုက်ညီသော အပိုပစ္စည်း ရှားပါးခြင်းကြောင့် ဆိုင်ကယ်ကူရှင်ချုပ် လုပ်ငန်းဆိုင်များတွင် လာရောက်ပြုပြင်သူများ ရှိသကဲ့သို့ အလှတပ်ဆင်သူများကလည်းလာရောက်ပြုလုပ် လာကြခြင်းဖြစ်သည်။

၂ဝ၂၁ ခုနှစ် မော်တော်ယာဉ် တင်သွင်းသည့် ပေါ်လစီအရ စလစ်ကပ်ပြီး မော်တော်ယာဉ် သွင်းစရာ မလိုတော့သည့်အတွက် ကားဟောင်းစလစ် အဝယ်ရပ်သွားနိုင်

၂ဝ၂၁ ခုနှစ် မော်တော်ယာဉ် တင်သွင်းသည့် ပေါ်လစီအရ စလစ်ကပ်ပြီး မော်တော် ယာဉ် သွင်းစရာမလိုတော့သည့်အတွက်   ကားဟောင်းစလစ်  အဝယ်ရပ်သွားနိုင်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချ သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ကြောင့်   စလစ်ဈေးကွက် ပျောက်နိုင်မည်ဖြစ်ပြီး ငွေကျပ် သိန်း ၁ဝဝ နှင့် သိန်း ၁၅ဝ ကြား  အနိမ့်ကားများ ငွေကျပ်  သိန်း   ၁ဝဝ  အောက် ကျဆင်းနိုင်ကာ ဈေးအမြင့်ကားများလည်း  အဆင့်ဆင့် ဈေးနှုန်း ကျဆင်းနိုင်ကြောင်း Moezac Auto Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မန္တလေးရွှေဈေးကွက် ရွှေဈေးမြင့်တက်၍ အရောင်းအဝယ်အေး

မန္တလေးတိုင်းဒေသကြီး ရွှေဈေးကွက်၌ စက်တင်ဘာ ၁ ရက် ဈေးဖွင့်ချိန်တွင် ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းကျော်အထိ မြင့်တက်လာသောကြောင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း  မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ရွှေထွက်ရာဒေသများဖြစ်သော သပိတ်ကျင်း၊ ရမည်းသင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခြင်း၊ ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်နေခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေခြင်းကြောင့်   ရွှေဈေး မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖရဲ သခွားမွှေးစိုက်ဧက သုံးပုံနှစ်ပုံခန့် လျှော့ချ စိုက်ပျိုးနိုင်

ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံသို့  နှစ်စဉ် နိုဝင်ဘာလမှ  မေလအထိ တင်ပို့လေ့ ရှိသော်လည်း  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း  တင်ပို့မှုလျော့ကျကာ တောင်သူများ အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်  စိုက်ပျိုးရာသီတွင် စိုက်ဧက သုံးပုံနှစ်ပုံခန့် လျှော့ချစိုက်ပျိုးနိုင်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊  သခွားမွှေးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း ၏ပြောဆိုချက်အရ သိရသည်။

တရုတ်ယွမ် ငွေလဲနှုန်းများ ကျဆင်းခြင်းကြောင့် မူဆယ်သို့ ဆန်တင်ပို့မှု လျော့ကျ

မူဆယ်၊ ကုန်သွယ်ရေး

တရုတ်ယွမ် ငွေလဲနှုန်းများကျဆင်းခြင်း ကြောင့်  မူဆယ်သို့  ဆန်တင်ပို့မှု  သုံးပုံ တစ်ပုံခန့် လျော့ကျလျက် ရှိကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

''အခုတရုတ်ယွမ်ဈေးတွေကကျတော့ ပုံမှန်ထက်စာရင်  အရောင်းအဝယ်နည်း နည်းအေးသွားတယ်။  တင်ပို့မှု ကလည်း ပြီးခဲ့တဲ့ ၁ဝ ရက်ကထက်စာရင် အိတ်ရေ တစ်သောင်းလောက် လျော့ကျသွားတယ်။ ဆန်ကားတွေ    တရုတ်ကို ဝင်မယ်ဆိုရင် တန်းစီနေရတဲ့အခက်အခဲတော့ ရှိသေးတယ်'' ဟု ဦးမင်းသိန်းကပြောသည်။

(၁၉)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက်  ထီစာအုပ် ငွေကျပ် ၃ဝ၂၇၂ ဒသမ ၆၆ သန်းဖိုး ရောင်းချထား

ရန်ကုန်၊ အောင်ဘာလေထီ

စက်တင်ဘာ ၁ ရက်တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ငွေကျပ် ၃ဝ၂၇၂ ဒသမ ၆၆ သန်းဖိုး ရောင်းချထားကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာန ခွဲမှ သိရသည်။

အဆိုပါရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၁၈၁၆၃ ဒသမ ၅၉၆ သန်းကို ဆုကြေးအဖြစ် ပြန်လည် ခွဲဝေပေး မည်ဖြစ်သည်။

''(၁၉)ကြိမ်မြောက်  အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ အက္ခရာ ၃၅ လုံးကနေ ၃၇ လုံးအထိ တိုးမြှင့်ထုတ်လုပ် ရောင်းချခဲ့ ပါတယ်''ဟု အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြောသည်။

အိမ်ခြံမြေ အငှားဈေးကွက် အနည်းငယ် လှုပ်ခတ်လာသော်လည်း နိုင်ငံခြားသားအိမ်ခြံမြေအငှားဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်၊ အိမ်ခြံမြေ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အိမ်ခြံမြေ အငှားဈေးကွက် ကျဆင်းသွားပြီး ယခုအခါ အငှားဈေးကွက် အနည်းငယ် လှုပ်ခတ်သော်လည်း ပြည်တွင်းလေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် နိုင်ငံခြားသား အိမ်ခြံမြေအငှား ဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေကြောင်း iMyanmar House.com  မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းဝန်းကျင်တွင် အတက်အကျဖြစ်နေပြီး ဈေးကွက် အေးနေ

ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်  ၁၃ သိန်း ဝန်းကျင်တွင်  အတက်အကျဖြစ်နေပြီး သြဂုတ် ၂၈ ရက်တွင် ငွေကျပ် ၁၃ သိန်းအောက်  ကျဆင်းလျက်ရှိသော်လည်း ဈေးကွက်အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး   ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် ၏ပြောဆိုချက်အရ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ  ယခင်ရက်များက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ  ၂ဝ၈ဝ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး လက်ရှိ တွင် အမေရိကန်ဒေါ်လာ ၁၉ဝဝ  ကျော် သာရှိကာ  အမေရိကန်ဒေါ်လာ  ၁ဝဝ  ဝန်းကျင် ကျဆင်းနေခြင်းဖြစ်သည့်အပြင် ပြည်တွင်း ငွေလဲနှုန်းလည်း   ကျဆင်းနေ သောကြောင့် ရန်ကုန်အခေါက်ရွှေဈေးနှုန်း ကျဆင်းနေခြင်းဖြစ်သည်။

စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိရန် ပုံမှန်စိုက်ပျိုးချိန်ထက် စော၍စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   ဟိုပုံးမြို့၌ စတော်ဘယ်ရီ  စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိရန် အတွက် ပုံမှန်စိုက်ပျိုးချိန်ထက် စော၍ စိုက်ပျိုးလျက် ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

စတော်ဘယ်ရီ စိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်ပေါင်း ၆ဝဝဝဝ မှ ၇ဝဝဝဝအထိ စိုက်ပျိုးနိုင်ပြီး မြေပြင်ခြင်း၊ မြေသြဇာ၊အလုပ်သမား၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်း  ၁ဝ သိန်းခန့် ကုန်ကျကြောင်း၊ တောင်သူများအနေဖြင့် ထိုင်ဝမ်လိပ်ပြာမျိုး၊ ဂျပန်မျိုးနှင့် ဒေသမျိုးတို့ကို စိုက်ပျိုးလျက်ရှိသည်။

ချင်းတောင်ဒေသ ပန်းသီးအထွက်နှုန်း ကောင်းသော်လည်း အလုံးသေးငယ်၍ ဝယ်လိုအားနည်း

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ပန်းသီးခင်းများ ယခုနှစ် ပန်းသီးအထွက်နှုန်း ကောင်းမွန်သော်လည်း အလုံးသေးငယ်၍  အဆင့်မီ ဈေးကွက်ဝင် ဖြစ်မလာဘဲ ဝယ်လိုအားနည်းနေကြောင်း ပန်းသီးစိုက် တောင်သူများထံမှ သိရသည်။

''တီးတိန်မြို့နယ်မှာ ပန်းသီးဟာ ဒေသထွက်  စိုက်ပျိုးသီးနှံ တစ်ခုဖြစ်ပါတယ်။ ပန်းသီးအထွက်နှုန်းကတော့ မကျပေမယ့် ဒီနှစ်နွေရာသီကာလမှာ  အပူရှိန်ပြင်းတဲ့အချိန်  ပန်းသီးအဖူးအပွင့် ထွက်လာလို့ ဆိုရမလား။ ပန်းသီးအလုံး သေးသွားတယ်။

ဈေးကွက်မှာလည်း ဝယ်လိုအား ကျဆင်းသွားပါတယ်။ အခုအချိန်ထွက်ရှိတဲ့ ပန်းသီးဟာ   အိုင်ဝါအမျိုးအစားဖြစ်ပါတယ်။