ဆရာကောင်းများထွန်းကားပါစေ

ဆရာကောင်းများထွန်းကားပါစေ

ဤလောကတွင် ဗုဒ္ဓမြတ်စွာမှတစ်ပါး လူသားအားလုံးတွင်ဆရာရှိသည်။ ဗုဒ္ဓမြတ်စွာသည်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊  ခန္တီပါရမီ၊  သစ္စာပါရမီ၊  မေတ္တာပါရမီ၊  အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီတို့ကြောင့် ဘုရားအဖြစ်ပွင့်တော်မူခဲ့သည်။  မြတ်စွာဘုရားရှင်သည်  ဣဿရိယဘုန်းတော်၊ ဓမ္မဘုန်း တော်၊ ယသဘုန်းတော်၊ သီရိဘုန်းတော်၊ ကာမဘုန်းတော်၊ ပယတ္တဘုန်းတော်ဟူသော ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသည်။ ပယတ္တဘုန်းတော်မှာ နိဗ္ဗာန်ရောက်ရာဒေသနာဖြင့် ဗြဟ္မာနတ်လူသုံးဘုံသူတို့ကို ကြည်ဖြူစွာလှသင်ဆုံးမသောကြောင့် တစ်လောက လုံးကိုးကွယ်ရာဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ဘုန်းတော်ဖြစ်သည်။

ဤလောကတွင် ဆရာတို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပေသည်။ ဆရာသည် ပန်းပုရုပ်ကလေးကို ထုဆစ်သူနှင့်တူ သည်။ ပန်းပုဆရာတိုင်းသည် မိမိအရုပ်ကိုအလှဆုံးဖြစ်အောင် ထုဆစ်ချင်သူချည်းသာဖြစ်သည်။ ထို့အတူ ဆရာသည်လည်း တပည့်များ၏ ဘဝကိုအလှဆုံးဖြစ်အောင် ပညာဖြင့်ထုဆစ်ပေးလျက်ရှိသည်။ ဆရာမှန်သမျှသည် တပည့်အားလုံးကိုတစ်ပြေးညီ ပညာကိုသင်ပေးလိုက်သော်လည်း သင်ယူသောတပည့်၏ လက်ခံနိုင်မှုအပေါ်တွင်မူတည်ကာ တပည့်တို့၏ အနာဂတ်ဘဝလှပခြင်း၊ မလှပခြင်းတို့ ဖြစ်လာကြရသည်။

ဆရာနှင့်ပတ်သက်၍ “ဆရာကာပြန် အာခေါင်လှံစူး” “ဆရာမပြ နည်းမကျ” “ဆရာများသားသေ” “ဆရာမှန် အလံမစိုက်နှင့်” ဟူ၍စကားပုံများရှိသလို “ဆရာကောင်းတပည့် ပန်းကောင်းပန်” “ဆရာခံသတ် ဓားမချပ်” “ဆရာနှစ်ပါး၊ အယူပြား၊ နောက်သားခက်စရာ” “ဆရာလွှတ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်း” “ဆရာ့ထက် တပည့်လက်စောင်းထက်” ဟူ၍လည်း မြန်မာဆိုရိုးစကားတွင်ဖော်ပြထားပါသည်။ ဆရာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်ကျမ်းတွင် ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ၊ အတတ်၊ လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ၊ ယဉ်ကျေးသမှုဖြင့်ခေါ်သောစကားလုံး စသည်ဖြင့်ဖွင့်ဆိုထား ပါသည်။

လောကနီတိကျမ်းတွင် အတတ်ပညာတစ်ဆယ့်ရှစ်ပါးရှိကြောင်းဖော်ပြထားသည်။ ထိုအတတ်ပညာတို့မှာ အကြားအမြင်အတတ်၊ လောကသမ္မုတိဖြစ်သော ဓမ္မသတ် ရာဇသတ်အတတ်၊ ဂဏန်းသင်္ချာအတတ်၊ တံစဉ်း စူး ဆောက် စသောလက်သမားအတတ်၊ နီတိကျမ်းအတတ်၊ ယာယီယတြာပြုခြင်း စသောဗျာကရုဏ်းအတတ်၊ စောင်းငြင်း စသောကဗျာလင်္ကာအတတ်၊ လက်ချိုး ရေတွက်ခြင်း(လက်ပစ်)အတတ်၊ ဒူးလေး လင်းလေးအတတ်၊ ထုံးဟောင်း ရာဇဝင်အတတ်၊ ဆေးပညာအတတ်၊ ရယ်ရွှင်မှုအတတ်၊ ဗေဒင်အတတ်၊ လှည့်ပတ်မှုအတတ်၊ ဆန်းကျမ်းအတတ်၊ သံတမန်အတတ်၊ မန္တန်အတတ်၊ သဒ္ဒါကျမ်းအတတ်တို့ဖြစ်သည်။

ထိုအဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်သောပညာတို့သည် ဆရာကသင်ပြပေးမှသာ တတ်မြောက်သော အတတ်ပညာများဖြစ်သည်။ ဆရာထံမှ စည်းစနစ်ကျနစွာသင်ယူတတ်မြောက်ထားမှသာ လူမှုဘဝတွင် တပည့်တို့ ဘဝသာယာပေလိမ့်မည်။ ယနေ့ကမ္ဘာကြီးတွင် နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ပညာရပ်များကလည်း လေ့လာလိုက်စား၍ မကုန်နိုင်အောင်ဖြစ်သည်။ ထို့ကြောင့် ဆရာတို့၏ အခန်းကဏ္ဍသည်လည်း လွန်စွာအလေးထားရမည့် အနေအထားဖြစ်သည်။ လူတစ်ယောက်မွေးဖွားလာ၍ ပညာသင်ရန် အချိန်တန်လျှင် စာသင်ကျောင်းသို့ ပို့ဆောင်ကြရသည်။ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုစကားနှင့်အညီ တပည့်ကောင်းများ ပေါ်ထွက်လာရေးမှာ ဆရာတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင် တည်မှီသည်။

ဆရာတို့သည် ကျောသားရင်သားမခွဲခြားဘဲ တပည့်အားလုံးအပေါ်တွင် သွေးသားရင်းများကဲ့သို့ သဘောထားကာ လူငယ်တို့ကို အသိပညာ၊ အတတ်ပညာများသင်ပေးကြရသည်။ ဆရာများကို ဥယျာဉ်မှူးနှင့်တင်စားကြသည်မှာ ဆရာမှန်သမျှတို့သည် ဥယျာဉ် အတွင်းရှိ ပန်းများပွင့်လန်းလာသည်ကို မြင်တွေ့ရလျှင် ဝမ်းသာပီတိဖြစ်ကြရသည်။ မွှေးသောလှသော ပန်းများပွင့်လာသည်ကို မြင်တွေ့ လိုသော်လည်း တစ်ခါတစ်ရံပိုးကိုက်ခံရသော ပန်းကလေးများကိုလည်း နှမြောတသစွာ စွန့်ပစ်ရသည်မျိုးလည်း ရှိတတ် ပါသည်။ တပည့်များ၊ လူငယ်များကိုကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်လေလေ တပည့်တို့လူငယ်တို့ အနာဂတ်လှပလေလေဖြစ်သည်။ ဆရာဆိုသည်မှာ အတန်းပညာများသင်ပေးရုံဖြင့်တာဝန်ကျေပွန်ပြီမဆိုနိုင်သေးပေ။

အသိပညာများကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်ကိုမီးမောင်းထိုးပြရလျှင် နိုင်ငံ့သားကောင်း၊ သမီး ကောင်းများဖြစ်အောင် သင်ပေးရန်လိုအပ်ပေသည်။ တိုင်းပြည်နှင့်လူမျိုးကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို မြတ်နိုးတန်ဖိုး ထားလိုသည့်စိတ်၊ မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး မပျက်ယွင်းအောင် ထိန်းသိမ်းလိုသည့် စိတ်များကို ကိန်းအောင်းနေအောင် နည်းလမ်းကျနသွန်သင်ပြသရပေမည်။ သို့မှသာ မိမိတို့နိုင်ငံ မိမိလူမျိုးတို့ကမ္ဘာတည်သရွေ့ အဓွန့်ရှည်မည်ဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေ ကြောင်း ဆရာကောင်းများကိုအလေးထားရေးသားလိုက်ရပေသည်။   ။