ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့်ဖော်ဆောင်ပေး

ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့်ဖော်ဆောင်ပေး

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအကြောင်းများဖြစ်သည့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များတိုးချဲ့ဖွင့်လှစ်ခွင့်ရရှိရေး၊အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ပိုမိုချိတ်ဆက်ပျံသန်းခွင့်ရရှိစေရေး၊ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာဖြေလျှော့မှုများ ညှိနှိုင်းခွင့်ပြုပေးနိုင်ရေး၊ နိုင်ငံဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များ၊ စက်တပ်ရွက်လှေ နှင့် ခရီးသည်တင် ဇိမ်ခံသင်္ဘောခရီးစဉ်များ အလွယ်တကူနှင့် ပိုမိုတိုးတက်ဝင်ရောက်ခွင့်ရရှိရေးတို့အတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ လိုအပ်သည်များ တင်ပြဆောင်ရွက်ပေးခြင်းတို့အား ကြိုးပမ်းဆောင်ရွက်ခဲ့မှု ကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်ရန် အလားအလာကောင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

သို့ရာတွင် ကမ္ဘာတစ်ဝန်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ကိုဗစ်-၁၉ ရောဂါကျရောက်မှုကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိုးရိမ်မှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်မှုတို့ကြောင့် မြန်မာနိုင်ငံသည်လည်း ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများမှာ ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် တုံ့ဆိုင်းခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟူသော လုပ်ငန်းစဉ်နှင့်အညီ လုပ်ဆောင်လျက်ရှိရာတွင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပါဝင်သည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်စေပါသည်။ ဒေသဖွံ့ဖြိုး တိုးတက်လာပါက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း ပေါများလာမည်ဖြစ်သည်။ ကျေးလက်ဒေသနေ လူငယ် အများစုသည် ပြည်ပနိုင်ငံများတွင်သွားရောက် အလုပ်လုပ်နေကြရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ အဆင်မပြေ မှုရှိနေသည်။

ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံသားများ အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့နေစဉ် နိုင်ငံတော်အစိုးရအနေဖြင့် လေယာဉ် ခရီးစဉ်များ၊ ရေယာဉ်ခရီးစဉ်များ၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။ မိမိနိုင်ငံတွင် အလုပ်အကိုင်ပေါများပြီး စီးပွားရေး ကောင်းမွန်နေမည်ဆိုလျှင် သူတို့သည်လည်း ပြည်ပတွင် မိသားစုခွဲခွာကာ သွားရောက်ကြတော့မည်မဟုတ်ပေ။ ဤကွက်လပ်ကို မြန်မာ့ခရီးသွားလုပ်ငန်းက မကြာမီတွင် ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများတွင် ဝန်ဆောင်မှုများဆောင်ရွက်ပေးနေသည့် လုပ်သားအင်အားမှာ ၂၉၂ ဒသမ ၂၂ သန်းခန့်ရှိသည်ဟု သိရှိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၉ ထရီလီယံဒေါ်လာရှိသည်။ နိုင်ငံတိုင်းတွင် ခရီးသွားလုပ်ငန်းသည် သိသာအထင်ရှားဆုံးနှင့် တိုးတက်မှုအရှိဆုံး ကဏ္ဍတစ်ခုဖြစ်သည်။ နှစ်စဉ်စက်တင်ဘာ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်မှစ၍ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြရသည်။

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေးဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စီးပွားရေးဆိုင်ရာအကျိုးရှိစေရေး၊ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ သဘာဝအရင်းအမြစ်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် ကဏ္ဍများအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာမည်ကို ပိုမိုသိရှိလာစေရေးနှင့် ခရီးသွားလုပ်ငန်း၏အရေးပါမှု၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးသို့ အကျိုးသက်ရောက်မှုများအား ဒေသနေပြည်သူများနားလည်သိရှိစေရေး၊ ခရီးသွားလုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို သတိပြုမိစေရေးဟူသောရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များ စိတ်ဝင်တစားကြည့်ရှုရန် နေရာများပေါများလှသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနအနေဖြင့် ခရီးသည်များကို ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ဝန်ဆောင်မှုများပေးရန် လိုအပ်သော အစီအမံများ ကြိုတင် ပြင်ဆင်ခြင်း၊ သင်တန်းများပေးခြင်း၊ စစ်ဆေးကြပ်မတ်ပေးခြင်းတို့ဖြင့် ယုံကြည်စိတ်ချပြီး ဘေးအန္တရာယ်ကင်းသော ခရီးစဉ်များ ဖြစ်စေရန် လုပ်ဆောင်လျက်ရှိပေရာ မြန်မာ့ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။