ကိုယ်စီအသိ ရင်ဝယ်ရှိစေချင်သည်

မြန်မာတို့သည် နိုင်ငံတော်တွင် အရေးကိစ္စပေါ်လာတိုင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်လေ့ရှိကြသည်။ စည်းလုံး ညီညွတ်ခြင်းသည် အင်အားတစ်ရပ်ဖြစ်သည့်အားလျော်စွာ တစ်ဦးတစ်ယောက်ချင်းမှသည် အများညီညီညာညာ ပေါင်းစည်း မည်ဆိုလျှင် မည်သည့်ဘေးရန်အန္တရာယ်ကိုမဆို တိုက်ဖျက်နိုင်မည်သာဖြစ်သည်။ လက်ရှိအနေအထားတွင် နိုင်ငံအတွင်း ကျရောက် လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကိုစုပေါင်းညီညာသောစည်းလုံးခြင်းဖြင့် တိုက်ဖျက်မည်ဆိုလျှင် ရောဂါပိုးသည် ပျံ့နှံ့တွယ် ကပ်စရာနေရာမရှိတော့ဘဲ သူ့အလိုလို လုံးပါးပါးသွားပေမည်။

အရေးကြီးသည်မှာ အားလုံးက ညီညွတ်နေရန်ဖြစ်သည်။ကျန်းမာရေးဝန်ကြီးဌာနမှ နေ့စဉ်နှင့်အမျှ ပြည်သူသို့ အသိပေး ပန်ကြားချက်ကို လေ့လာကြည့်လျှင်ဤအတိုင်းပင်ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ပြည်သူတို့အတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှသာ လုပ်ငန်းများအချိန်တိုအတွင်း အောင်မြင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တတ်နိုင်သမျှ အိမ်တွင်း၌သာနေပါ။ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းလုံးဝမပြုပါနှင့်၊ အိမ်တွင်အသက် (၆၅) နှစ်နှင့်အထက် အသက် အရွယ်ကြီးရင့်သူ သို့မဟုတ် ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားစေပါ၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေစေပါ။

မိသားစုတိုင်းတွင် မိဘဘိုးဘွားသက်ကြီးရွယ်အိုများရှိကြပေမည်။ မိဘဘိုးဘွားတို့ ကျန်းမာရေးသည်လည်း အရေးကြီးလှသည်။ သက်ရှည်ကျန်းမာစေချင်လျှင် အဆိုပါအချက်များကို တိတိကျကျလိုက်နာသင့်ပါသည်။အကယ်၍ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ပါ။ လက်ကို စနစ်တကျဆေးကြောပါ။ အခြားသူများနှင့် ၆ ပေအကွာ ခပ်ခွာခွာနေပါ။ လေဝင်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ပါ။ လူစုလူဝေးရှောင်ကြဉ်ပါ။ ဖြစ်နိုင် ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူ များထံမှ ဈေးမဝယ်ပါနှင့်။ များသောအားဖြင့် တွေ့နေရသည်မှာ လူအချို့သည် တားမြစ်သောအမိန့်၊တိုက်တွန်းသောအမိန့်များ ထုတ်ပြန်လေတိုင်း အချို့က ပေါ့ပေါ့တန်တန်တွေးဆကြသည်။

နိုင်ငံတော်မှထုတ်ပြန်သော အမိန့်မှန်သမျှမှာ မိမိတို့အတွက်ပါလားဟူသော အသိရှိစေချင်သည်။ ဥပမာအားဖြင့်ဆိုရလျှင် ဆိုင်ကယ် စီးနင်းမောင်းနှင်လျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြပါဟူသော တိုက်တွန်းချက်သည် မိမိအသက်ရှင်သန်ရေးအတွက်ပါလားဟူသော အသိရှိနေလျှင် ဆိုင်ကယ်မောင်းနှင်သူတိုင်းပြောစရာမလိုအောင် ဦးထုပ်ဆောင်းကြပေလိမ့်မည်။ များသောအားဖြင့် ကြုံကြရ သည်မှာလည်း ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးခြင်းတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများက အများဆုံးဖြစ် သည်။

ယခုလက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို တပ်ကြရန်နှိုးဆော် တိုက်တွန်းနေခြင်း သည် မိမိအသက်မဆုံးစေရေးပါလားဟူသော အသိရှိထားစေချင်သည်။ သူတစ်ပါးကလာရောက်အမိန့်ပေးမှ လုပ်ကိုင်ဆောင်ရွက် ရသည့်အခါ အမိန့်ပေးခံရသူ၏စိတ်တွင်မခံချင်စိတ်ကလေးဖြစ်နေတတ်သည်။  မိမိမခံချင်စိတ်ကို အမှန်တကယ်အသုံးချမည်ဆိုလျှင် သူတစ်ပါးအပြောမခံ၊ ငါ့အသက်လည်း အသေမခံ၊ ငါ့ကိုယ်မှာပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားမည်ဆိုလျှင် မိမိ၊ သူတစ်ပါးလူသားအားလုံးအတွက် အကျိုးရှိပေလိမ့်မည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများသို့ အသိပေးပန်ကြားချက်သည် အများပြည်သူများအသက်မဆုံးရှုံးရေးအတွက် ပန်ကြားထုတ်ပြန်နေခြင်းဖြစ်သည်။

ထိုပန်ကြားချက်များသည် ရိုးစင်းလှပါသည်။ လူတိုင်းလိုက်နာလုပ်ဆောင်မှုမပြုနိုင်စရာမရှိပါ။ အပြင်ထွက်ရာမှ အိမ်ပြန်ရောက် သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့်တစ်ခါသုံး ပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစားမလဲမီ/ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လုပ်ဆောင်သင့်သည့်အချက်များကို မလုပ်ဆောင်ခဲ့လျှင် ကျန်သည့်မိသားစုဝင်များသည်လည်း ရောဂါ ကူးစက် နိုင်ပါသည်။

နိုင်ငံအတွင်းကျရောက်နေသော ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်ရန်အရေးမှာ တစ်မျိုးသားလုံး၏အရေးဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက အမျိုးသားရေးတွင် အားလုံးပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရန်နှိုးဆော်ထားသည်။ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုးကြပါရန်လည်း တိုက်တွန်းထားပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူတစ်ရပ်လုံး ကျန်းမာရေးအတွက် လိုအပ်ချက်မရှိအောင်ဖြည့်ဆည်းပေးနေပါသည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း ကိုယ်စီအသိ ရင်ဝယ်ရှိကာ ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးပန်ကြားချက်များကို တိတိကျကျလိုက်နာကြပါရန်ရေးသားလိုက်ရပေသည်။    ။