ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး

ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၂၆  ရက်)

လူတစ်ဦး၏ ဖွံ့ဖြိုးရှင်သန်မှုသည် ကျန်းမာရေး ဖွံ့ဖြိုးမှုနှင့် ပညာရည်ဖွံ့ဖြိုးမှုတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ကျန်းမာရေး အသိဉာဏ်ဖွံ့ဖြိုးပါမှ မိမိကိုယ်မိမိကျန်းမာအောင် နေထိုင်တတ်ပေလိမ့်မည်။ ကျန်းမာမှလည်း လူသားတစ်ဦး အသက်ရှင်ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ကျန်းမာသန်စွမ်းနေမှသာ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ပါဝင်ထမ်းဆောင် နိုင်ပေလိမ့်မည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသူတိုင်းသည် ကျန်းမာရေး ကောင်းမွန်ကြသည်။ ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင် လေ့ကျင့်ပါဟူသည်မှာ တပ်မတော်သားတို့၏ ဘဝနေထိုင်နည်းဖြစ်သည်။

အမျိုးသား ကာကွယ်ရေးလုပ်ငန်းများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ ကျန်းမာသန်စွမ်း ကြံ့ခိုင်ပြီးပညာရည်မြင့်မားသော နိုင်ငံသူနိုင်ငံသားများ လိုအပ်ပေသည်။ ယနေ့ခေတ်တွင်မူ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားနေရုံဖြင့် မလုံလောက်တော့ပေ။

မိမိနိုင်ငံနှင့်လူမျိုးကို ချစ်တတ်သောစိတ်ဓာတ်၊ အမိနိုင်ငံတော် တိုးတက်ရေးအတွက် ကျရာနေရာမှ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည်ဟူသော ခံယူချက် တို့သည်လည်း လိုအပ်လာပြန်သည်။ ကျန်းမာသည်၊ ပညာတတ်သည် ဆိုသော်လည်း မိမိ၏ အလုပ်ကိုချစ်မြတ်နိုးသော စိတ်ရှိရန် လိုပေသည်။

လူတိုင်းသည် ကျန်းမာအောင် နေထိုင်ပြီး သန်စွမ်းအောင် လေ့ကျင့်မှသာ သင်ကြား တတ်မြောက်ချင်သော ပညာရပ်မှန်သမျှတို့ကို လွယ်ကူစွာ သင်ကြားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးတို့သည် လွန်စွာအရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို ထည့်သွင်းဖော်ပြထားသည်။ ဤသို့ဦးတည်ချက်တွင် ဖော်ပြထားသည်မှာ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးကို အလေးထား လုပ်ဆောင်လျက်ရှိကြောင်း ပြသခြင်းဖြစ်သည်။

''နိုင်ငံတစ်ခု၏ ခိုင်မာအားကောင်းမှုသည် ထိုနိုင်ငံ၏ အကျယ်အဝန်း၊ လူဦးရေ အနည်းအများတို့ အပေါ်တွင် အခြေတည်သည်မဟုတ်။ ထိုနိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးတို့၏ တစ်ဦးချင်းနှင့် တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်မှု၊ ပညာရည်မြင့်မားမှု၊ စည်းကမ်း၊ စိတ်ဓာတ်မြင့်မားခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့အပေါ်တွင်သာ ပဓာနကျကျ တည်မှီနေပေသည်'' ဟူ၍ အမျိုးသားနိုင်ငံရေး အမြင်မှန် လမ်းညွှန်စာအုပ်တွင် ပညာရှင်များ ရေးသားထားသည်။

ပညာရေးနှင့် ကျန်းမာရေးတို့သည် ဆက်နွှယ်မှုရှိသည်။ ပညာမတတ်သူအဖို့ ကျန်းမာရေး အသိအမြင် ဗဟုသုတကို မရနိုင်ပေ။ ထိုအခါကျန်းမာအောင် မည်သို့နေထိုင်ရမည်၊ သန်စွမ်းအောင်မည်သို့ လေ့ကျင့်ရမည်ဟူသော အသိကို သိနိုင်မည်မဟုတ်ပေ။ မြန်မာ့သမိုင်းတွင် ကိုလိုနီခေတ်မတိုင်မီက မြန်မာတို့၏ စာတတ်မြောက်နှုန်းသည် လွန်စွာမြင့်မားလှသလို ကျန်းမာရေးလည်း ကောင်းမွန်ခဲ့ကြသည်။ ဘုန်းတော်ကြီးသင် ပညာရေးများ ရှိနေသည့်အတွက် နေရာဒေသတိုင်းတွင် စာမတတ်သူ နည်းပါးသည်။ ထို့အတူ ကျန်းမာရေးတွင်လည်း မြန်မာ့အားကစားနည်း မျိုးစုံပေါကြွယ်သည်။ သိုင်းကစားခြင်း၊ ခြင်းလုံးခတ်ခြင်း၊ ကလေးအရွယ်များ အတွက် စိန်ပြေးတမ်း ကစားခြင်းစသည်ဖြင့် ကိုယ်လက်လှုပ်ရှားမှု များပြားခဲ့သည်။

ကိုလိုနီခေတ်ရောက်သောအခါ မြန်မာတို့၏ တိုးတက်နိုင်သော အခွင့်အလမ်းမှန်သမျှကို ပိတ်ပင်ခံရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က မြန်မာတို့၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၃ဝ မျှသာဖြစ်သည်။ ကျန်းမာရေး ဗဟုသုတ နည်းပါးခဲ့ကြ၍ ကျောက်၊ ဝမ်း၊ ပလိပ်ရောဂါတို့ကြောင့် တစ်နှစ်လျှင် လူပေါင်း ၁ဝဝဝဝ ခန့်၊ ငှက်ဖျားရောဂါကြောင့် တစ်နှစ်လျှင် လူပေါင်း ၆ဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ  လူအများစုသည် ပညာမတတ် ကြသောကြောင့်ဖြစ်သည်။  ထိုအချိန်က  မြန်မာနိုင်ငံတွင် လူ  ၁ဝဝ လျှင် ၃၅ ယောက်သာ စာတတ်ကြသည်။ ပညာဗဟုသုတချို့တဲ့မှုမှ တစ်ဆင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဆင့်အတန်းနိမ့်ကျမှုနှင့် လူတန်းစေ့ မနေနိုင်မှုများပင် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ၁၉၆၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ၂၁ နှစ်တာ ကာလအတွင်း စာတတ်မြောက်ရေး လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးတွင် လှုပ်ရှား ဆောင်ရွက်ခဲ့ရသည်။

ပညာရည်မြင့်မားစေရန်မှာ ကျန်းမာရေး ကောင်းမွန်နေမှသာ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်၍ လူသားတို့အတွက် ကျန်းမာရေးသည် ပထမဖြစ်လာသည်။ ကိုဗစ်-၁၉ တတိယလှိုင်း ကျရောက်မှုကြောင့် လူသားတို့ ကျန်းမာရေးကို ထိခိုက်လာသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁၄/၂ဝ၂၁) တွင် အမှာစကား ပြောကြားစဉ် ''ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်မှု ဖြစ်ပွားလျက်ရှိသည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့ဘဝ ရည်မှန်းချက် အောင်မြင်ရေးအတွက် လူတိုင်း ကျန်းမာနေရမည် ဖြစ်ပေရာ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထား လုပ်ဆောင်ကြပါရန် တိုက်တွန်း လိုက်ရပေသည်။   ။