ကျန်းမာရေးကောင်းချင်လျှင် ဆီကိုလျှော့စား

ကျန်းမာရေးကောင်းချင်လျှင် ဆီကိုလျှော့စား

လူနေမှုဘဝများသည် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာသည်။ ခေတ်မီနည်းပညာများ တိုးတက်ထွန်းကားလာခြင်းနှင့်အတူ လူတို့၏ စားဝတ်နေရေးတွင်လည်း နည်းပညာဖြင့်ပံ့ပိုးမှု တွင်ကျယ်လာသည်။ အထူးသဖြင့် အသင့်စားသုံးနိုင်သော အစား အသောက်များပေါများလာသည်။ ကောင်းသည်လည်းရှိသလို ဆိုးကျိုးများလည်းရှိနေသည်ကို ကျန်းမာရေးပညာရှင်များက ထောက်ပြ ပြောဆိုလာကြသည်။ မြန်မာမှုနယ်ပယ်တွင် မြန်မာတို့သည် ဆီကိုရေချိုး ဆေးရိုးမီးလှုံဟူသောစကားဖြင့် ဂုဏ်ယူခဲ့ကြ သည်။ ဆီများများ စားရခြင်းကို ဂုဏ်ယူခဲ့ကြသည်။ ထိုစဉ်ကစားရသောဆီသည် သဘာဝဆီစစ်စစ်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆီစားသုံးသောကြောင့် ကျန်းမာရေးဆိုးဆိုးရွားရွားထိခိုက်ခြင်းမျိုးနည်းပါးခဲ့သည်။

မြန်မာတို့အလှူဒါနပြုကြရာတွင် အသားငါးတို့ကို ဆီများများဖြင့် ချက်ပြုတ်ကာ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အလှူပွဲတိုင်းတွင် အမြဲတမ်းပါဝင်သော ငါးခြောက်ထောင်းမှာပင်ဆီများများသုံးစွဲခဲ့ကြသည်။ ကျေးလက်တောရွာတွင်နေသူတို့သည် အမြဲတမ်း လှုပ်ရှား သွားလာနေကြရသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်သူများဖြစ်သည့်အတွက် ထိုဆီစားသုံးမှုကြောင့်ရောဂါဖြစ်ပွားသည်ဟူ၍ မရှိသလောက်ဖြစ်ခဲ့သည်။ ခေတ်ကာလပြောင်းလဲလာသည်နှင့်အတူ ဆီများတွင်ဓာတုဗေဒပစ္စည်းများ ရောစပ်လာသည်။ ထို့အတူ အသားငါးများတွင် တာရှည်ခံဆေးများသုံးလာကြသည်။ ထိုအခါလူသားတို့အတွက် အသက်အန္တရာယ်နီးကပ်လာသည်။ နည်းပညာ ခေတ်မီမှုကြောင့် ယနေ့လူငယ်လူရွယ်လူကြီးအချို့တို့ အင်တာနက်သုံးစွဲမှုများပြားလာသည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါး လာသည်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာသောကြောင့် ကိုယ်ခန္ဓာတွင်လည်ပတ် နေသောစက်ယန္တရားချို့ယွင်းလာသည်။ ထိုအထဲတွင် ဆီစားသုံးမှုကိုမလျှော့ဘဲ သုံးနေမည်ဆိုလျှင် ရောဂါကိုဖိတ်ခေါ်ထားသကဲ့သို့ဖြစ်နေပေလိမ့်မည်။ ဆီကိုစားသုံးသင့်သည့် ပမာဏ ထက် ကျော်လွန်စားသုံးခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ဆီများစားသုံးခြင်းတို့ကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများစွာခံစားရနိုင်ပါသည်။ ထိုသို့ဆိုးကျိုးများစွာ ခံစားလာရသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုပါ တွေ့ကြုံစေနိုင်သောကြောင့် ဆီစားသုံးမှုကို လျှော့ချစားသုံးသင့်ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)တွင် အမှာစကားပြောကြားစဉ် စားသုံးဆီလျှော့၍ စားသုံးရေးနှင့်ပတ်သက်၍ပြောကြားရာတွင် “ဆီဝယ်ယူတင်သွင်းမှုပမာဏအရ ပြည်တွင်းထွက်စားသုံးဆီမပါ အရွယ်ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ်ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို တွက်ချက်မှုများအရသိရှိရသဖြင့် တစ်ဦးချင်း ဆီစားသုံးမှုများကို လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံးမှုများရှိရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှုများကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏ နိုင်ငံခြား ငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုများပြားနေသည့်အတွက် လိုအပ်သောဆီများအား ပြည်ပမှမှာယူသုံးစွဲရသည်။ ပြည်ပမှ မှာယူတင်သွင်း ရသည့်အတွက် ကုန်သွယ်မှုလိုငွေပေါ်ပေါက်လာရသည်။ မိမိတို့နိုင်ငံမှ ထုတ်ကုန်များ ပြည်ပသို့များများရောင်းချနိုင်မှသာ ထိုလိုငွေ ပြမှုလျော့နည်းမည်ဖြစ်သည်။ ပြည်တွင်းမှထွက်သော ဆီများကိုအရည်အသွေးမြှင့်တင်ခြင်း၊ အထွက်နှုန်းတိုးအောင်ပြုလုပ်ခြင်း၊ ပြည်သူများအနေဖြင့် ဆီသုံးစွဲမှုကို လျှော့ခြင်းများပြုလုပ်နိုင်မည်ဆိုပါက ကျန်းမာရေးလည်းကောင်းမွန်၍ ပြည်ပဝင်ငွေလည်း တိုးတက် ဝင်လာမည်ဖြစ်သည်။ ပြည်ပမှစားသုံးဆီတင်သွင်းမှုကိုလေ့လာလျှင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် တန်ချိန် ၃၇၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ်တွင် စက်တင်ဘာ ၁၇ ရက်နေ့အထိ တန်ချိန် ၇၉၀၀၀၀ ခန့်တင်သွင်းခဲ့ကြောင်းသိရှိရသည်။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးကျဆင်းမှုကြုံတွေ့နေကြရသည်။ အလုပ်အကိုင်ရှားပါးလာမှုနှင့်အတူ လူသားတို့စားဝတ်နေရေးခက်ခဲလာသည်။ ဝင်ငွေနည်းပါးလာသောအခါ ထွက်ငွေကိုပို၍ နည်းပါး အောင်ပြုလုပ်နိုင်မှသာ ဘဝရပ်တည်မှုအဆင်ပြေကြမည်ဖြစ်သည်။ ထွက်ငွေကိုနည်းပါးအောင်ပြုလုပ်ရာတွင် နေ့စဉ်စားသုံးနေသော ဆီကိုလည်း လျှော့၍သုံးစွဲရမည်ဖြစ်သည်။ ဆီကိုလျှော့သုံးခြင်းဖြင့် ထွက်ငွေနည်းသွားမည့်အပြင် ကျန်းမာရေးအတွက် ကြီးစွာသော ကောင်းကျိုးပေးပါလိမ့်မည်။ အနှစ်ချုပ်ဆိုရသော် လူတိုင်းဆီစားသုံးမှုကိုလျှော့ကြမည်ဆိုလျှင် လူလည်းကျန်းမာ၊ စိတ်လည်း ချမ်းသာမည့် အပြင် တိုင်းပြည်အတွက် နိုင်ငံခြားငွေသုံးစွဲမှုလည်းလျော့နည်းမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။