ကျန်းမာရေးအတွက် သတင်းကောင်းများ

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက အထောက်အကူပြုဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကိုသြဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပသည်။ ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Professor Mam Bunheng က မိမိအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာ Samdech Akka Moha Sena Padei Techo Hun Sen ၏နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နှုတ်ခွန်းဆက်အမှာစကားကို တစ်ဆင့်ပြောကြား လိုကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိပြည်သူအားလုံးကိုလည်း ကိုဗစ်-၁၉ကပ်ရောဂါမှ အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်ကာလကြာရှည်စွာ ညီအစ်ကိုမောင်နှမ ဆက်ဆံရေးတည်ရှိပြီး အာဆီယံ အသိုင်းအဝိုင်းမှ တစ်ဆင့် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိကြသည်။ ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများမှ ညီအစ်ကိုမောင်နှမကဲ့သို့ စည်းလုံးညီညွတ်သောစိတ်ထားဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးပစ္စည်းများအား ပေးပို့လှူဒါန်းခြင်းဖြစ်ပေသည်။

လှူဒါန်းသောပစ္စည်းများမှာ ပါးစပ်နှင့်နှာခေါင်းစည်း သုံးသန်း၊ COVID-19 AG sets ငါးသိန်း၊တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ PPE အစုံ ၂၀၀၀၊ Oxygen Concentrators ၁၀၀ ခု၊ Ventilator Machines ၂၀ ခု၊ Patient Monitors and accessories အစုံ ၂၀ တို့ဖြစ်သည်။ ထို့ပြင်အဆိုပါ ပစ္စည်းများနှင့်အတူ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှ တစ်ဆင့်လှူဒါန်းသည့် အမေရိကန်ဒေါ်လာတစ်သိန်းနှင့် ကမ္ဘောဒီးယားအစိုးရမှ မြန်မာအစိုးရသို့လှူဒါန်းသည့် အမေရိကန်ဒေါ်လာနှစ်သိန်းတို့ကိုလည်း လက်ခံရရှိခဲ့သည်။ မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် ရှေးအစဉ်ကပင် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဟုပင် ပြောနိုင်သည်။ မြန်မာတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကမ္ဘောဒီးယားနိုင်ငံကို ကူညီမှုများစွာပေးခဲ့သလို ကမ္ဘောဒီးယားကလည်း ယခုအခါမြန်မာတို့ကို ပြန်လည်ကူညီခြင်းအတွက် ကျေးဇူးတင်ပါသည်။

အိန္ဒိယနိုင်ငံအစိုးရမှလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဒုတိယ အသုတ်အဖြစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် သံရုံးမှတာဝန်ရှိသူများကလက်ခံရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်သည်။ လှူဒါန်းသောပစ္စည်းစာရင်းမှာ Long Surgical Glove(Elbow) ၅၀၀၀၀ ခု၊ Examination Gloves ၁၅၀၀ ခု၊ Digital BP Cuff ၅၇၀ ခု၊ Protable X-ray 100 MA  ၁ ခု၊ Mask ၁၄၄၀၀ ခု၊ Rapid Antigen Test Kit ၂၀၀၀ ခု၊ High Flow Nasal Cannula (HFNC) ၁၀၀ ခု၊ Body Bed ၂၉၂ ခု၊ PPE ဝတ်စုံ ၁၂၄၀ စုံ၊ Pulse Oximeter (Finger Tip) ၃၀၀ ခု၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ခု၊Empty Oxygen Cylinder ၄၀၀ လုံးအပါအဝင် ဆက်စပ်ပစ္စည်းများဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ထာဝရမိတ်ဆွေနိုင်ငံများဖြစ်သည်။ မြန်မာ့အရေးတွင် တက်ကြွစွာ ကူညီလေ့ရှိခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယနေ့တိုင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုလျော့ပါးရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံတွင်လုပ်ဆောင်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုဆက်လက်ထိုးနှံပေးခြင်း၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက် ဖြန့်ဝေလှူဒါန်းခြင်းများ ဆောင်ရွက်နေပါသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်ခြင်း၊ စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးနေခြင်း၊ ပြည်သူများစားရေးအတွက် အခက်အခဲ မရှိစေရန်အတွက် Mobile Market စနစ်ဖြင့် အခြေခံစားကုန်များလှည့်လည်ရောင်းချပေးခြင်း၊ အခြေခံအိမ်သုံး ဆေးဝါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်အလုပ်ပိတ်ရက်များ တိုးမြှင့်သတ်မှတ်ခြင်း၊ အခြေခံပညာ ကျောင်းများကို ဆက်လက်ပိတ်ထားခြင်းများ ဆောင်ရွက်ပေးထားပါသည်။ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း မိတ်ဆွေရင်းချာ နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးနှင့််ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးခြင်းကို ဝမ်းသာကြည်နူး ကျေးဇူးတင်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။