ကျောင်းတွေဖွင့်လို့ပျော်နေကြပြီ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဇွန်  ၆  ရက်)

 ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်ခဲ့သော ကပ်ရောဂါကြောင့် ကျောင်းများအားလုံးပိတ်ထားခဲ့ရသည်။ ထိုသို့ ပိတ်ထားခဲ့သည့်အတွက် ကျောင်းသားများ၊ မိဘများအတွက် နစ်နာမှုရှိခဲ့သည်။ ဇွန် ၁ ရက်ကျောင်းဖွင့်သောအခါ ကျောင်းသို့ စိတ်အားထက်သန်စွာ တက်ရောက်ကြသည်။ ဘေးကမဟုတ်မမှန်သွေးထိုး လှုံ့ဆော်သူအဖျက်သမားတို့စကားကို နားမယောင်ကြ တော့။ ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် အကြောင်းအကျိုး၊ အဆိုးအကောင်းကိုသိနားလည်ကြသည်။ ကျောင်းတွင် စာသင်ကြားရ သည့်အခါ  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာပြုမူပြီး စာသင်ကြရသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက  ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်းများနှင့် Face Shield များစနစ်တကျတပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျလက်ဆေးခြင်းများ ဆောင်ရွက်ကြရသည်။

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေး အဖွဲ့များပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများတွင် လုံခြုံရေးအပြည့်အဝ ချထားပေးသည့်အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာပညာသင်ကြားရေးမှာ လုံခြုံစိတ်ချမှုလည်းရှိနေပြီဖြစ်သည်။ အခြေခံ ပညာ ကျောင်းများတွင် ကျောင်းသားများရာနှုန်းပြည့်နီးပါးတက်ရောက်ပညာသင်ကြားမှုရှိနေသော်လည်း ကျောင်းလာ မအပ်သေး သူအချို့လည်း ရှိနေသေးကြောင်း သိရှိရသည်။

နိုင်ငံတော်သစ္စာဖောက် အကြမ်းဖက်အဖျက်သမားတို့သည် ပြည်သူလူထုအေးချမ်းနေသည်ကို လုံးဝမလိုလား။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်မည်ကိုလည်း မလိုလားပေ။ ကလေးတွေပညာတတ်နေပါက ၎င်းတို့လှည့်စားသမျှ ယုံကြတော့ မည်မဟုတ်။ ထို့ကြောင့် ကျောင်းမတက်ရေးအတွက် အဖျက်နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးနှောင့်ယှက်သည်။ ကျောင်းကို မီးရှို့ခိုင်း သည်။ မိုင်းထောင်ခိုင်းသည်။ မသိနားမလည်သောကလေးငယ်များကို ငွေပေး၍ ဖောက်ခွဲဖျက်ဆီးခိုင်းသည်။ ယုတ်မာရက်စက် ကောက်ကျစ်သည့်အရာတွင် စံချိန်တင်သည်။ ဖမ်းဆီးရမိသမျှအဖျက်သမားတို့တွင် NLD ပါတီဝင်တွေများသည်။ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်သည်။

အဖျက်သမားတို့သည် ကျောင်းသား၊ ကျောင်းသူတို့၏နောင်ရေးကို လုံးဝငဲ့ကွက်ခြင်းမရှိ။ ၎င်းတို့အာဏာပြန်လည်ရရှိရေး၊ အာဏာ မရလျှင် တိုင်းပြည်ပျက်စီးရေးကိုရည်မှန်းချက်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် NLD ပါတီ၏ မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မဲမသမာမှုများကိုနေ့စဉ် ဖော်ထုတ်တင်ပြလျက်ရှိနေသည်။ မည်သည့် နိုင်ငံကဆန့်ကျင်ဖက်အဖွဲ့အစည်းကမျှ သူ့နိုင်ငံသူ့ကျောင်းသားတို့ကို ဒုက္ခရောက်အောင် လုပ်ဆောင်သည်မျိုးမရှိသော်လည်း မြန်မာနိုင်ငံရှိ NLD ပါတီဝင်နှင့် ယင်းပါတီကိုထောက်ခံသူ အစွန်းရောက်များက ကျောင်းများ၊ ကျောင်းသား၊ ကျောင်းသူများကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

အဖျက်သမားတို့၏ မြှောက်ပင့်သွေးထိုးမှုကိုနားယောင်ကာ ကျောင်းမအပ်ခဲ့သော် နစ်နာဆုံးရှုံးမည်မှာ မိမိတို့၏ သားသမီးများ သာဖြစ်သည်။  မြှောက်ပင့်သူအဖျက်သမားတို့သည် သူတို့ကိုယ်တိုင် နိုင်ငံအတွင်းမှာ ထင်ထင်ရှားရှား သွားလာနေထိုင်ရဲခြင်းမရှိဘဲ သူများကိုသွေးထိုးနေခြင်းဖြစ်သည်။ အစိုးရကို အတိုက်အခံပြုရန်တစ်ခုတည်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ဘဝကို ဖျက်ဆီးနေခြင်းဖြစ်သည်။ ထင်ရှားကျော်ကြား လူသိများသောအချို့သူတို့သည်လည်း အခြားသောကလေးများကို ကျောင်းမတက်နဲ့ ပြောဆိုစည်းရုံးနေသော်လည်း ယင်းတို့၏ သားသမီးကိုမူ တစ်နေရာရာတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်ခိုင်းပြီးဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အခြေခံပညာကျောင်းများ၏ ကျောင်းတက်နေမှုမြင်ကွင်းများကိုကြည့်ရင်း ပီတိဖြစ်ရသလို ကျောင်း အပ်ရန် ကျန်နေသောမိဘများ၊ ကလေးများသည်လည်း အမြန်ဆုံးကျောင်းအပ်သင့်ကြပေပြီ။ အကြောက်တရားဖြင့်ခြိမ်းခြောက်ခံထားရ၍ ကျောင်းမအပ်နိုင်သည်များ ရှိခဲ့လျှင်လည်း နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ အကူအညီတောင်းသင့် ပါသည်။ ပြည်သူတစ်ရပ်လုံးကလည်း အကြမ်းဖက်အဖျက်သမားတို့ကို တိုက်ထုတ်ရမည်ဖြစ်သည်။ မိမိတို့၏မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်ကို ဒုက္ခမျိုးစုံပေးလျက်ရှိသော အဖျက်သမားတို့ကို ပူးပေါင်းတိုက်ထုတ်ရမည်ဖြစ်သည်။ ကျောင်းတွေဖွင့်လို့ပျော်နေ ကြပြီဖြစ်သော ကျောင်းသား၊ ကျောင်းသူတို့၏ တက်ကြွနေသောပုံရိပ်များသည် နိုင်ငံတော်အနာဂတ်အတွက် အလှပန်းများ သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။