ကျောင်းပတ်ဝန်းကျင် အဖျက်ကင်းစင်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၉  ရက်)

မြန်မာနိုင်ငံတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဟူသော သတင်းကြားသည်နှင့် NLD  ပါတီဝင်များနှင့်ဆက်နွှယ်သူများသည် ကျောင်းများ ပြန်လည်ဖွင့်နိုင်ခြင်း မရှိအောင် အနှောင့်အယှက် ပြုကြသည်။

ကျောင်းသားများ၊ မိဘများ၊ ဆရာများကို ခြိမ်းခြောက်သည်။ ကျောင်းမတက်နဲ့ ကျောင်းထွက်၊ စစ်ကျွန်ပညာရေး စသည်ဖြင့် ဝေါဟာရ အမျိုးမျိုးသုံးကာ လှုံ့ဆော်သည်။ ထို့နောက်အကြမ်းဖက်အဖျက်လုပ်ရပ်မျိုးစုံ လုပ်ဆောင်လာသည်။ တပ်မတော်က ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေး လုပ်ဆောင်ပေးလျက်ရှိစဉ် အဖျက်သမားတို့က ကျောင်းများတွင် မိုင်းထောင်သည်၊ ဗုံးခွဲစေသည်။ ကလေးငယ်များကို ငွေပေး၍ခိုင်းစေသည်။ ကမ္ဘာတွင်ပင်မရှိသော အဖျက်လုပ်ရပ်ဖြစ်သည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က မြန်မာကျောင်းများနှင့် ပညာရေးဝန်ထမ်းများ အပေါ် တိုက်ခိုက်မှုများကို ဇွန် ၃ ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်သည်။ အဆိုပါ အကြမ်းဖက်မှုများအား လက်သင့်မခံနိုင်ကြောင်းနှင့် ကလေးများ၏ အခွင့်အရေးကိုချိုးဖောက်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

စာသင်ကျောင်းများနှင့် ကျောင်းအနီး ပတ်ဝန်းကျင်ဒေသများတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကို မည်သည့်နည်းဖြင့်ပင် လက်ခံနိုင်စရာမရှိ။ ကျောင်းများနှင့် အခြေခံပညာရေး အဆောက်အအုံများကို ပဋိပက္ခများနှင့် မငြိမ်မသက်မှုများမှ ကာကွယ်သွားရမည်ဖြစ်ကြောင်း ယူနီဆက်က ထုတ်ပြန်ကြေညာခဲ့သည်။

ပညာသင်ကြားရေး၊ ဆရာ၊ ဆရာမများနှင့် ပညာရေး အဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် ကလေးများ၏အနာဂတ်ကို နင်းခြေလိုက်ခြင်း ဖြစ်သည်။  ယူနီဆက်၏ ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ စာသင်ကျောင်းများနှင့် ပညာရေးဝန်ထမ်းများကို တိုက်ခိုက်မှု ၅၄ ကြိမ်ထက်မနည်း ရှိခဲ့ပြီး မေလတစ်လတည်းတွင် တိုက်ခိုက်မှု ၃၉ ခုရှိခဲ့သည်။ ဗုံးထောင် ပေါက်ကွဲမှုများလည်း အများပြည်သူ နေရာများတွင် ဖြစ်ပွားခဲ့ကြောင်း ယူနီဆက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာကပင် လက်မခံနိုင်သော အဖျက်လုပ်ရပ်မျိုးကို အကြမ်းဖက် အဖျက်သမားများက လုပ်ဆောင်လျက်ရှိသည်။ဖမ်းဆီးရမိသူတိုင်းသည်NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ခိုင်းစေသူများ ဖြစ်ကြသည်။ ဆေးရုံများ၊ ကျောင်း များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ခဲ့သော်မှ ရှောင်ကွင်းရမည့် နေရာများ ဖြစ်သည်။ လူသတ်မိုင်းထောင် ဖောက်ခွဲပြီး  အစိုးရဆန့်ကျင်ရေး လုပ်ဆောင်နေခြင်းကြောင့် ထိခိုက်သူများမှာ ပြည်သူများသာဖြစ်နေသည်။ ြီူ ပါတီဝင်ဝန်းရံသူများ၏ လှုံ့ဆော်သွေးထိုးမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးချို့တဲ့သွားသော ဝန်ထမ်းအများအပြားရှိနေသည်။ အထူးသဖြင့် ပညာရေး ဝန်ထမ်းများသည် နောင်တကို ရင်ဝယ်ပိုက်ကာ ဝမ်းနည်းပူဆွေး နေကြသည်။ သူတို့ကိုမည်သူကမျှ ထောက်ပံ့ခြင်း မရှိကြောင်း လူမှုပတ်ဝန်းကျင်တွင် တွေ့မြင်ကြားသိနေရသည်။

အကြမ်းဖက် အဖျက်သမားတို့သည် ကလေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေသလို အသိဉာဏ်နိမ့်ကျသည့် အချို့သောမိဘများကို ဖျက်ဆီးနေသည်။ လူမှုကွန်ရက် စာမျက်နှာတွင် လူပေါင်းမြောက်မြားစွာ စိတ်ဝင်တစား ကြည့်ရှုသော မြင်ကွင်းလေးတစ်ခုသည် ရင်နင့်ဖွယ်ဖြစ်သည်။ ကလေးငယ်က ကျောင်းတက်ချင်သည်။ စာသင်ချင်သည်။ ကျောင်းခန်းထဲ ဝင်ကာ စာသင်နေသည်။ အမေလုပ်သူက ထိုကလေးကိုကျောင်းခန်းထဲမှ လာခေါ်သွားသည်။ ကလေးငယ်က မလိုက်ချင်၍ ရုန်းကန်သည်။ အမေဖြစ်သူ အတင်းအကျပ် အနိုင်ကျင့် ခေါ်ဆောင်သွားသည်။ အချို့သောမိဘ၊ အချို့သောဆရာ၊ ဆရာမတို့သည်ကား ကလေးငယ်များလောက်ပင် အသိဉာဏ်မရှိသူများ ဖြစ်နေကြပြီလားဟူ၍ စိုးရိမ်စိတ်ဝင်မိသည်။

ဒီမိုကရေစီစနစ်အရ မည်သူမဆို သဘောထား ကွဲလွဲနိုင်ခွင့်ရှိပါသည်။ ငါနှင့်မတူငါ့ရန်သူ ဟူသောစိတ်မျိုးတော့ မရှိသင့်ပါ။ နိုင်ငံအတွင်း အတူတကွ နေထိုင်ကြသူများသည် ရန်သူများမဟုတ်ကြပါ။  စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၊ လူနာများကိုတော့ အန္တရာယ်မပေးသင့်ပါ။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)ကပင် မြန်မာကျောင်းများနှင့် ပညာရေးဝန်ထမ်းများ အပေါ် တိုက်ခိုက်မှုများ ရှုတ်ချနေပြီဖြစ်ပေရာ ပြည်သူများ အနေဖြင့် ကျောင်းပတ်ဝန်းကျင် အဖျက်ကင်းစင်ရေးကို လုံခြုံရေး အဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရန် ရေးသားလိုက်ရပေသည်။  ။