ခိုင်မာသော သန္နိဋ္ဌာန်ထားကြစို့

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇူလိုင်  ၁၉  ရက်)

မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များကို ပြန်ပြောင်းလေ့လာ ကြည့်မည်ဆိုလျှင် လွန်စွာဝမ်းနည်းဖွယ် ကောင်းသော အချိန်ကာလများ၊ လွန်စွာအားတက်ဖွယ် ကောင်းသော အချိန်ကာလများနှင့် လွန်စွာ အကျည်းတန်အရုပ်ဆိုး ခဲ့သော နှစ်ကာလများကို မြင်တွေ့နိုင်သည်။ ခရစ်နှစ် ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့သည် အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ပွားပြီး မြန်မာတို့စစ်ရှုံးကာ သူ့ကျွန်ဘဝ ရောက်ခဲ့ရသည့်အတွက် လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသော အချိန်ကာလများဖြစ်ခဲ့သည်။ သူ့ကျွန်ဘဝတွင် ဓား၊ လှံ၊ လေး၊ မြား စသည့်မည်သည့် လက်နက်မျှ ကိုင်ဆောင်ခွင့် မရှိသည့်အပြင် အသင်းအဖွဲ့လည်း ဖွဲ့စည်းခွင့် မရှိလောက်အောင် တင်းကျပ်ထား ခဲ့သည်။

လွတ်လပ်ခွင့်မရှိသည့် အချိန်ကာလတွင် မြန်မာတို့မျက်စိပွင့်၊ နားပွင့်အောင် စတင်လုပ်ဆောင်ခဲ့သည့် အသင်းကြီး ပေါ်ပေါက်လာသည်။ ထိုအသင်းကြီးမှာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)ဖြစ်သည်။ ၁၉ဝ၆ ခုနှစ်တွင် ထိုအသင်းကြီး စတင်ပေါ်ပေါက်လာသည်မှစ၍ မြန်မာလူငယ်တို့၏ စိတ်တွင် မိမိနိုင်ငံ လွတ်လပ်ရေးအတွက် လုပ်ဆောင်ရန် စိတ်အားထက်သန်လာကြသည်။ ထိုအသင်းကြီးမှ သန္ဓေတည်မွေးဖွား လိုက်သော မျိုးချစ်စိတ်ကြောင့် လူငယ်များတွင် သခင်စိတ်ဓာတ်များ ကိန်းအောင်းခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါ်ပေါက်လာခြင်းသည်ပင် ထိုအသင်းကြီးက မျိုးစေ့ချ စိုက်ပျိုးလိုက်သည့် အသီးအပွင့်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ လွယ်လွယ်ကူကူ ရခဲ့ခြင်းမဟုတ်ပေ။ အင်္ဂလိပ်ကို တိုက်ထုတ်ရန် ဂျပန်နှင့် ပူးပေါင်းရသည်။ ဖက်ဆစ်စနစ် ကျင့်သုံးသော ဂျပန်ကို ပြန်လည်တိုက်ထုတ်ရန် အင်္ဂလိပ်နှင့် ပူးပေါင်းရပြန်သည်။ ၁၉၄၅ ခုနှစ် သြဂုတ် ၈ ရက်နေ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည်နှင့် အင်္ဂလိပ်တို့ ဒုတိယအကြိမ် မြန်မာနိုင်ငံထဲ ရောက်ရှိလာကာ စက္ကူဖြူစီမံကိန်းဖြင့် အုပ်ချုပ်ခဲ့ပြန်သည်။ ထိုအချိန်က မြန်မာ့နိုင်ငံရေး အခြေအနေမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ်ရန် လက်တစ်ကမ်းအလိုသာ ရှိတော့သည်။ မြန်မာပြည်သူလူထု၏ အနာဂတ် အလင်းရောင်ခြည်များ ပေါ်ထွက်နေချိန်ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် လျက်ရှိသည်မှာ မြန်မာ့သမိုင်းတွင် လွန်စွာအားတက်ဖွယ်ကောင်းသော အချိန်ကာလများဖြစ်ခဲ့သည်။

၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က အမှုဆောင် ကောင်စီဖွဲ့စည်းပေးသည်။ ထိုအမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယသဘာပတိအဖြစ် တာဝန်ယူရသည်။ ဒုတိယသဘာပတိ ဆိုသော်လည်း အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတို့တွင် သဘာပတိ ဖြစ်သူ အင်္ဂလိပ်ဘုရင်ခံ တက်ရောက်ခြင်းမရှိတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်နေရသည်။ လွတ်လပ်ရေးရတော့မည့် မြန်မာနိုင်ငံ၏ တိုင်းရေးပြည်ရာများကို အင်္ဂလိပ်အစိုးရက ပါဝင်စွက်ဖက်ခြင်း မပြုသည့် သဘောလည်းဖြစ်သည်။

ထိုစဉ်က ပုံမှန်အစည်းအဝေးများကို ဘုရင်ခံအိမ်တော်တွင် ကျင်းပလေ့ရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့် နန်းရင်းဝန် အက်တလီတို့ လွတ်လပ်ရေးအတွက် သဘောတူသည့် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုသည့် ၁၉၄၇ ခုနှစ် ဇန်နဝါရီမှ စတင်ကာ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး) ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းမှာသာ ကျင်းပလေ့ရှိသည်။ အစည်းအဝေးကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပနေကျ ဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် ဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၉ ရက် စနေနေ့သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ ထိုသို့ရွှေ့ပြောင်း ကျင်းပလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျည်းတန်၊ အရုပ်ဆိုးဆုံး ကံကြမ္မာ အလှည့်အပြောင်း တစ်ခုဖြစ်လာခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်သည် အကျည်းတန်၊ အရုပ်ဆိုးသောနှစ် လ နေ့ ရက်ဖြစ်ခဲ့သည်။ ထိုနေ့က အတွင်းဝန်ရုံးသို့ ဗိုလ်ချုပ်ရောက်ရှိချိန်တွင် အစည်းအဝေး တက်ရောက်မည့်ဝန်ကြီးများ စုံလင်စွာစောင့်ဆိုင်း နေကြပြီဖြစ်သည်။ အစည်းအဝေးကို နံနက် ၁ဝ နာရီတွင် စတင်ကျင်းပသည်။ အစည်းအဝေးစ၍ တိုင်းပြည် ရေးရာများ ဆွေးနွေးနေစဉ် အစည်းအဝေးခန်းမတွင်းသို့ လက်နက်ကိုင်လူတစ်စုက အခန်းစောင့်ကိုဖယ်ရှား ဝင်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို ပစ်ခတ်လုပ်ကြံကြသည်။ ထိုပစ်ခတ်လုပ်ကြံမှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရခြင်းအတွက် မြန်မာပြည်သူ တစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ယူကျုံးမရဖြစ်ခဲ့ကြသည်။ ၂ဝ၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်သည် (၇၄)နှစ်မြောက် အာဇာနည်နေ့ ကျရောက်လာပြီဖြစ်ပေရာ ရဟန်းရှင်လူပြည်သူအပေါင်းသည် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို လွမ်းဆွတ်သတိရကာ အာဇာနည်တို့၏ ဂုဏ်ကျေးဇူးကို

ထာဝစဉ်အောက်မေ့ နေကြရမည်ဖြစ်သည်။ ထို့အတူ ရဟန်းရှင်လူပြည်သူ အပေါင်းအနေဖြင့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကြိုးစားကြမည်ဟူသော   သန္နိဋ္ဌာန်စိတ်ထား ရှိကြပါရန်  တိုက်တွန်းလိုက်ရပေသည်။   ။