ခေတ်မီအောင်သာ ကမ္ဘာမြေတစ်လွှားမှာ

ခေတ်မီအောင်သာ ကမ္ဘာမြေတစ်လွှားမှာ

ခေတ်နှင့်အညီ ခေတ်မီရေးဆောင်ရွက်ရန်မှာ လူတိုင်း၏ဘဝတွင်သာမက လူအများစုပေါင်း နေထိုင်သောနိုင်ငံတစ်နိုင်ငံအတွက်လည်း လွန်စွာအရေးပါလှပေသည်။ နိုင်ငံရေးအရ ခေတ်မီရမည်။ စီးပွားရေးအရ ခေတ်မီရမည်။ ပညာရေးအရ ခေတ်မီရမည်။ ကာကွယ်ရေးအရ ခေတ်မီရမည်။ သို့မှသာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်သောက ဖြစ်ရခြင်းမှ ကင်းဝေးပေမည်။ လူတိုင်းသည် မိမိတာဝန်ယူထားရသောရာထူးဌာနန္တရအလိုက် တာဝန်ကျေပွန် နေရပေမည်။  အားလုံးကိုယ်စီတာဝန်ကျေပွန်မှသာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုး စည်ပင်သာယာ နေပါလိမ့်မည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအပိုင်းတွင် ခေတ်မီအောင်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ တွင် ဖော်ပြပါရှိသည့်အတိုင်း လိုက်နာ လုပ်ဆောင်လျက်ရှိသည်။ ထိုပုဒ်မ ၂၀ တွင် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသောမျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည်။

တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်းလိုက်နာလုပ်ဆောင်လျက်ရှိသည်။   ထိုသို့လိုက်နာလုပ်ဆောင်လျက်ရှိကြောင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သိသာထင်ရှားစွာရှင်းလင်းပြသခဲ့သည်။ တပ်မတော်သည် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သောခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည် ဟူသော ပြဋ္ဌာန်းချက် နှင့်အညီ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကို အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ကြားသိရသည်။

အနှစ်ချုပ်ဖော်ပြရလျှင် (၇၃)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့နှင့် (၇၃)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့များကျင်းပခဲ့မှု၊ မြန်မာ့တပ်မတော်(ရေ)နှင့် မြန်မာ့တပ်မတော် (လေ)တို့၏ သမိုင်းကြောင်းများနှင့် ခေတ်မီတပ်မတော်တည်ဆောက်နေမှုအခြေအနေများ၊ တပ်မတော်(ရေ)အနေဖြင့် စစ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သံတမန်ရေးရာနှင့်စာနာအကူအညီပေးရေး စသောကဏ္ဍကြီး ၄ ရပ်တိုးတက် မြင့်မားအောင်ဆောင်ရွက်နေမှု၊ “စွမ်းရည်မြင့်မားသည့် တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်” မှ “ဒေသတွင်း ရေပြာရေတပ်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းလာသော တပ်မတော်(ရေ)” အဖြစ် ချီတက်လျှောက်လှမ်းနေမှု နှင့်တပ်မတော်(ရေ)ကို သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့်ရေတပ်အဆင့်ဖြစ်အောင် တည်ဆောက်လျက် ရှိသည့် အခြေအနေများပါဝင်သည်။

ထို့ပြင် ခေတ်မီတပ်မတော်(လေ)ဖြစ်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ လိုအပ်သည့် မြေပြင်အထောက်အကူ ပစ္စည်းများဖြစ်သည့် မိုးလေဝသရေဒါများ၊ လေကြောင်းလမ်းညွှန်စက်များ၊ အထောက်အကူပြုရေဒါများအား လေတပ် စခန်းများ၌တပ်ဆင်၍ မြန်မာ့ဝေဟင်အား စောင့်ကြည့်ကာကွယ်ပေးလျက်ရှိသည့်အခြေအနေများ၊ တပ်မတော်(လေ)အနေဖြင့် တိုးတက်ပိုင်ဆိုင်လာသည့်လေယာဉ်၊ ရဟတ်ယာဉ်များကိုအသုံးပြု၍ တိုက်စွမ်းရည် တိုက်စွမ်းအား မြှင့်တင်ရေးတို့အား ဆောင်ရွက်လာနိုင်သည့်အပြင် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် အခြေအနေများနှင့်  HADR လုပ်ငန်းစဉ်များတွင် ပြည်တွင်းသာမက ပြည်ပနိုင်ငံ များသို့ပါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အနှစ်ချုပ်လျှင် တပ်မတော်သည်  အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော   ခေတ်မီသည့်တစ်ခုတည်းသောမျိုးချစ်တပ်မတော်အဖြစ် ဆောင်ရွက်လျက်ရှိသည်မှာ နိုင်ငံတော်နှင့်ပြည်သူအတွက်မှတစ်ပါး အခြားမရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။