ဂုဏ်ရှိန်မြင့်မား မြန်မာအမျိုးသမီးများ

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသော နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာအမျိုး သမီးတို့သည် ယဉ်ကျေး သိမ်မွေ့စွာ ကြီးပြင်းလာကြသူများဖြစ်ကြသည်။ သားသမီးဘဝတွင်သားသမီးတို့ ကျင့်ဝတ်နှင့်အညီနေထိုင်ကြရသည်။ အထူးသဖြင့် စောင့်လေမျိုးနွယ်ဟူသော ကျင့်ဝတ်ကိုလေးစားလိုက်နာ ကြသည်။ မိမိတို့နှင့်အမျိုးဘာသာ သာသနာမတူသူများကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်လေ့မရှိကြပေ။ မြန်မာရာဇဝင်ကိုလေ့လာကြည့်လျှင်လည်း ကျန်စစ်သားမင်းသည် မိမိချစ်သောသမီးတော်ကို တိုင်းတစ်ပါး သားနှင့်လက်ထပ်ခွင့်မပြုခဲ့ဘဲ မိမိတို့၏မျိုးနွယ်တူသူနှင့်သာ လက်ထပ်ထိမ်းမြားစေပြီး ထိုသမီးတော်က မွေးဖွားခဲ့ သောမြေးတော်ကို ထီးမွေနန်းမွေဆက်ခံစေခဲ့သည်မှာ ထင်ရှားသောသမိုင်းဖြစ်သည်။

ဇနီးမယားဖြစ်လာသောအခါတွင်လည်း ဇနီးမယားတို့ကျင့်ဝတ်အတိုင်း စောင့်ထိန်းလိုက်နာကြရသည်။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ် သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာဆိုသည့်အတိုင်း ကျင့်ကြံနေထိုင်ကြသည်။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလစသောတော်လေး၀၀င် အမျိုးသမီးတို့ထုံးနှလုံးမူကာ မိစ္ဆာကြဉ်ရှောင်ပြီး မိသားစုဘဝကို အကောင်းဆုံး တည်ဆောက်ကြသည်။

တန်ဖိုးရှိသောဇနီးမယားကောင်းအဖြစ် မြန်မာ့လူ့ဘောင်တွင်နေထိုင်ကြီးပြင်းရင်း မိခင်ဘဝရောက်ကြသည့်အခါတွင်လည်း မိဘ ဝတ္တရားအတိုင်း ကျင့်ကြံကြရသည်။ မိမိတို့သားသမီးများအတွက် “မကောင်းမေတ္တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဆိုစကားနှင့်အညီလူလိမ္မာ၊ လူ့ယဉ်ကျေးများဖြစ်အောင်၊ မိမိတို့ ဘဝတစ်လျှောက်စောင့်ရှောက်ခဲ့သော စောင့်လေမျိုးနွယ်စကားအတိုင်း သင့်တော်သူနှင့် ထိမ်းမြားပေးခြင်းဆောင်ရွက်ရပေသည်။ ထို့ကြောင့် မြန်မာမှုနယ်ပယ်တွင် မြန်မာအမျိုးသမီးများသည် ဖြူစင်သန့်ရှင်းချစ်ခင်ခြင်း၊ ကြင်နာခြင်းနှင့်ပြည့်ဝသူများဖြစ်ကြသည်။

ဤနေရာတွင် မြန်မာအမျိုးသမီးဟုဆိုသည်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသူအားလုံးကို ရည်ညွှန်းရေး သားခြင်းဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ တိုင်းရင်းသူများသည်လည်း ယင်းတို့၏ ဓလေ့ထုံးစံနှင့်အညီ လွန်စွာပင်ချစ်စရာ၊ မြတ်နိုးစရာကောင်းလှပေသည်။ မိဘဘိုးဘွားတို့၏ ကောင်းမွန်သော ထိန်းသိမ်းစောင့်ရှောက်မှုနှင့် မြန်မာတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကြောင့် မြန်မာအမျိုးသမီးတို့၏ဝတ်စားဆင်ယင်မှုသည် ကမ္ဘာတွင်အလှပဆုံးဟုဆိုနိုင်သည်။ ယနေ့ခေတ်တွင် အခြားသော ယဉ်ကျေးမှုများဝင်ရောက်လာမှုကြောင့် မြန်မာအမျိုးသမီးအချို့တို့၏ ဝတ်စားဆင်ယင် မှုများမှာခေတ်ဆန်လာ သော်လည်း အမျိုးသမီးအများစုမှာ မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းထား နိုင်ကြောင်း တွေ့ရှိနိုင်သည်။  ခေတ်အဆက် ဆက် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း လူမှုရေးဦးတည်ချက်များ ချမှတ်ထားရာတွင် တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု၊ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက်ထည့်သွင်းသတ်မှတ် ထားသည်မှာ လွန်စွာသင့်လျော်လှပေသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်အမျိုးသားများသည် မြန်မာ့ရိုးရာအစဉ်အလာအားဖြင့်လည်းကောင်း၊ ဘာသာရေးအားဖြင့်လည်း ကောင်းတန်းတူညီမျှမှုရှိသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုစကားသည် တန်းတူရည်တူရှိမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှေးယခင်ကမြန်မာအမျိုးသမီးတို့၏ ဟန်ပန်ကို ခြေတစ် လှမ်းကုဋေတစ်သန်းဟု ညွှန်းဆိုခဲ့ကြသည်။ ဣန္ဒြေသိက္ခာ မြင့်မားခြင်း ကိုပြဆိုခြင်းဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာကြီးတွင်နည်းပညာမြင့်မားလာမှုနှင့်အတူ အမျိုးသမီးများသည်လည်း အမျိုးသားများ နည်းတူ နည်းပညာများ တတ်မြောက်လာကြပြီဖြစ်ရာ အမျိုးသားများကဲ့သို့ တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍမှထမ်းဆောင် နေကြပြီဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် အခြားသောကဏ္ဍပေါင်းစုံတွင်လည်း အမျိုးသမီးများ၏ တာဝန်ထမ်း ဆောင်မှုရာခိုင်နှုန်းမှာမြင့်မားလာပြီဖြစ်သည်။

မြန်မာ့ရာဇဝင်သမိုင်း ခေတ်အဆက်ဆက်တွင်လည်း မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်မှုသည် ဂုဏ်ယူဖွယ်၊ စံတင်ဖွယ်၊ အားကျဖွယ် ကောင်းလှအောင် သမိုင်းမှတ်တမ်းများရှိခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်သူများ များစွာပေါ်ထွန်းခဲ့သည်မှာ ရေးပြလို့မကုန်နိုင်အောင်ပင်ရှိလှသည်။ ယနေ့အချိန်အခါသည် မြန်မာနိုင်ငံတွင် အရေးပေါ်ကာလ အခြေအနေအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာပေရာ အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေး လျက်ရှိပါသည်။ အဆင့်မြင့်တာဝန်များတွင်လည်း အမျိုးသမီးများပါဝင်ထမ်းဆောင်လျက်ရှိသည်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာ အမျိုးသမီးများကို ဂုဏ်ပြုသောနေ့ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များဖြင့် မိမိတို့နိုင်ငံတော် ကြီးတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိရာတွင် ကျရာကဏ္ဍမှအောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ရေးသား ဂုဏ်ပြု လိုက်ရပေသည်။    ။