ငြိမ်းချမ်းသာယာသောကမ္ဘာကြီး

လူသည်တစ်ဦးတစ်ယောက်တည်း သီးခြားရပ်တည်နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် နေထိုင်ကြရသည်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့်နေကြရာတွင်လည်း စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဘဝခရီးလျှောက်လှမ်းလိုကြသည်မှာ လူတိုင်း၏ ဆန္ဒဖြစ်သည်။ ထို့ကြောင့် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်နေရစဉ် စိတ်ချမ်းသာကိုယ်ချမ်းသာနေလိုပါက စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေရအောင် အားထုတ်ဖို့ လိုအပ်ပေသည်။

စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် နေထိုင်နိုင်အောင် အားထုတ်နည်းမှာ ငါးပါးသီလကိုလုံခြုံစွာ စောင့်ထိန်းခြင်းဖြစ်သည်။ ငါးပါး သီလသည် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးအတွက် လူလူချင်းဆက်ဆံရာ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထား သည့်စည်းမျဉ်းဖြစ်သည်။ လူလူချင်းဆက်ဆံရေးဆိုရာ၌ ပတ်ဝန်းကျင် တစ်ခုလုံးဆက်ဆံရေးလည်း ပါဝင်သည်။ လူအချင်းချင်း ဆက်ဆံရေးကောင်းမွန်မှသာ လူ့ဘောင်လောကဖြစ်သော ကမ္ဘာကြီးငြိမ်းချမ်းသာယာမည်ဖြစ်သည်။

လူ့ဘဝရခြင်းသည် မနုဿတ္တဘာဝေါ ဒုလ’ဘောဟူသည်နှင့်အညီ ထိုက်ထိုက်တန်တန်ရခြင်းဖြစ်သည်။ ရခဲသောလူ့ဘဝကို ထိုက်ထိုက်တန်တန်ရခြင်းဖြစ်သည့်အတွက် ကောင်းမွန်စွာနေထိုင်ကြရပေမည်။ ကောင်းမွန်စွာနေထိုင်မှသာ လောလောဆယ် ပစ္စုပ္ပန်၌ချမ်းသာမည်။ တမလွန်၌ချမ်းသာမည်ဖြစ်သည်။ ပစ္စုပ္ပန်နှင့်တမလွန်မှာ ချမ်းသာစွာနေထိုင်နိုင်ရေးမှာ ငါးပါးသီလဖြစ် ကြောင်း ထပ်ဆင့်ဆိုချင်ပါသည်။ လူတို့အနေဖြင့် အမြဲစောင့်ထိန်းအပ်သောကြောင့် နိစ္စသီလဟူ၍လည်းခေါ်ပါသည်။ ထိုနိစ္စသီလကို ခါးဝတ်ပုဆိုးကဲ့သို့ သတိတရားဖြင့် မြဲမြံစွာစောင့်ထိန်းအပ်သည်။ ခါးဝတ်ပုဆိုးကျွတ်သွားပါက လောကတွင်ရှက်စရာကောင်းသကဲ့သို့ ငါးပါးသီလမမြဲပါကလည်း လောကတွင်ရှက်ဖွယ်ဖြစ်ပေသည်။

သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောက၏ ရှက်ဖွယ်အဖြစ်မှတ်ယူတတ်ကြပြီး ငါးပါးသီလမမြဲခြင်းကိုမူ လောက တွင် ရှက်ဖွယ်အဖြစ်မှတ်ယူခြင်းမရှိကြပါ။ မမြင်တတ်ကြပါ။ ငါးပါးသလီ မမြဲခြင်းကို ပညာရှင်များက တိရစ္ဆာန်နှင့် အလားတူသည်ဟု ဆိုကြသည်။ တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုးမရှိခြင်းကို ရှက်စရာဟုမသိသကဲ့သို့ လူမိုက်တို့သည်လည်း ငါးပါးသီလမမြဲခြင်းကို ရှက်စရာဟုမထင်ဘဲ ရှိနေသည်။ အမှန်အားဖြင့် ကမ္ဘာကြီး၌ငြိမ်းချမ်းသာယာမှုမရှိခြင်းမှာလည်း လူမိုက်တွေပေါများနေသောကြောင့် ဟုဆိုပါက မှားမည်မဟုတ်ပေ။ လူလိမ္မာအရေအတွက်ထက် လူမိုက်အရေအတွက်က များပြားလာသောအခါ ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုများကွယ်ပျောက်လေသည်။

ထို့ကြောင့် ဤကမ္ဘာကြီးငြိမ်းချမ်းသာယာရေးအတွက် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဟူသော စိတ်ကိုမွေးမြူကြရ မည်ဖြစ် သည်။ မိမိအနေဖြင့် ငါးပါးသီလကိုမြဲမြံစွာစောင့်ထိန်းရပေမည်။ မိမိနည်းတူသူတစ်ပါးကိုလည်းစောင့်ထိန်းဖြစ်အောင် တတ်စွမ်းနိုင် သမျှ ဆွဲဆောင်ရပေမည်။ သို့မှသာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် မည်သူမဆိုစိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်မည်ဖြစ်သည်။ လူလူချင်းဆက်ဆံရာတွင် တစ်ဦးအပေါ်တစ်ဦးက ကြင်နာမည်၊ ချစ်မည်ဆိုပါလျှင် အချင်းချင်း ဆက်ဆံရေးပြေပြစ်ချောမွေ့မည်။ တစ်ဦးကိုတစ်ဦးကသတ်ရန်မဆိုထားနှင့် တစ်ဦး၏အကျိုးစီးပွားကိုတစ်ဦးက ထိခိုက်အောင်၊ နစ်နာအောင်ပြုမည်မဟုတ်ပေ။ ထို့အတူ သူ့အကျိုးပျက်စီးစေမည့် သူ့ပစ္စည်းကိုယူဖို့မဆိုထားနှင့် ပေးသောပစ္စည်းကိုပင် ယူလိုစိတ်ရှိမည်မဟုတ်ပါ။ အဒိန္နာဒါနာ သိက္ခာပုဒ်အရ သူတစ်ပါးပစ္စည်းကို သူမပေးဘဲမယူခြင်း၊ ခိုးယူမှုမပြုခြင်းသည် လူအချင်းချင်း ဆက်ဆံရေးကောင်းမွန်စေသည်။

လူတို့သည် တဏှာလောဘကြောင့် သောကဖြစ်ရ၏။ တဏှာလောဘကြောင့် ဘေးဖြစ်ရ၏။ တဏှာလောဘမရှိသူ၌ သောကသည် မဖြစ်တော့။ ဘေးဆိုသည်ကား ဆိုဖွယ်ရာရှိတော့မည်မဟုတ်ပါ။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းဟူသည်မှာ သူတစ်ပါးသား မယားကိုစော်ကားခြင်းတဏှာလောဘဖြစ်သည်။ မုသာဝါဒဆိုသည်မှာ လိမ်ညာ၍ပြောခြင်းဖြစ်သည်။ သူတစ်ပါး အကျိုးပျက်စီး အောင် လိမ်လည်လှည့်ဖြားပြောဆိုခြင်းသည် မုသာဝါဒဖြစ်သည်။ မဟုတ်မမှန်သောစကားကို ရယ်ရွှင်ဖွယ်အဖြစ်ပင်မပြောဆိုသင့်ပါ။ သုရာမေရယအရက်သေစာသောက်စားမူးယစ်ခြင်းဖြင့် မကောင်းမှုမှန်သမျှပြုလုပ်ရန်ဝန်လေးတော့မည်မဟုတ်ပေ။ ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် စိတ်ကြွဖောက်ပြန်ကာ လူသတ်မှုကိုပင် လွယ်ကူစွာကျူးလွန်လာကြလေသည်။

လူသားအားလုံးသည် ငါးပါးသီလကိုလုံခြုံစွာစောင့်ထိန်းနိုင်မည်ဆိုပါက ဤကမ္ဘာကြီးတွင် တရားဥပဒေပင်ထုတ်ပြန်ထားရန်မလိုပေ။ ကမ္ဘာ့ဥပဒေဟူသမျှသည် ငါးပါးသီလ၌တစ်နည်းမဟုတ်တစ်နည်းဖြင့် အကျုံးဝင်နေသည်သာဖြစ်သည်။ လူသားမှန်သမျှတို့သည် ကိုယ်စီအသိဖြင့် ငါးပါးသီလ သို့မဟုတ် နိစ္စသီလကို စောင့်ထိန်းလိုက်နာကြမည်ဆိုပါက ဤကမ္ဘာကြီးသည် အလွန်ပင်အေးချမ်း သာယာနေမည်။ ထို့ကြောင့် လူတိုင်းသည် ကောင်းသောအကျင့်၊ ကောင်းသောအကြံကို မြဲမြံစွာကျင့်သုံးကြလျှင် ငြိမ်းချမ်းသာယာ သောကမ္ဘာကြီးဖြစ်လာမည်မှာ ဧကန်ဖြစ်ပါကြောင်း။ ။