စကားကောင်းကောင်းပြောကြစို့

ဤလောက၌ နေ့စဉ်ပြောဆိုနေကြသောစကားများကို အကျဉ်းချုပ်လိုက်လျှင် စကားအမျိုးအစားခြောက်မျိုးသာရှိလေသည်။ စာပေအရာနှင့်တင်စားလျှင် စကားကြီးခြောက်ခွန်းဖြစ်သည်။ မြန်မာ့ဆိုရိုးစကားတွင် စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟူ၍ ဆိုထားသည်။ပထမတစ်ခွန်းမှာ မဟုတ်မှန်လည်းမဟုတ်မှန်၊ အကျိုးလည်းမရှိ၊ သူများလည်းမကြိုက်သည့် စကားဖြစ်၏။ သီလစင်ကြယ်နေသည့်သူကို သီလမရှိတဲ့သူပါ၊ ဒုဿီလပုဂ္ဂိုလ် စသည်ဖြင့် ပြောဆိုသည့်စကားမျိုးဖြစ်သည်။ ထိုစကားသည် ဟုတ်လည်းမဟုတ်၊ ထိုသို့ပြောသည့်အတွက် အကျိုးလည်းမရှိ။ ပြောသည့်လူ၌လည်း အကုသိုလ်ဖြစ်သည်။ ကြားနာသည့်သူတို့၌လည်း သူပြောတာကိုယုံပြီးထိုသီလစင်ကြယ်နေသည့်ပုဂ္ဂိုလ်ကို ပြစ်မှားလျှင် အကုသိုလ်ဖြစ်သည်။ အပြောခံရသည့်သူ၌လည်းမကြိုက်။ ပညာရှိသူတော်ကောင်းတို့လည်း မကြိုက်ချေ။ ထိုစကားမျိုးသည် မပြောသင့် မပြောထိုက် သည့်စကား၊ မပြောကောင်းသည့်စကားဖြစ်သည်။

ဒုတိယတစ်ခွန်းမှာ မဟုတ်မှန်လည်း မဟုတ်မှန်၊ အကျိုးလည်းမရှိ၊ သို့သော် အများကမူ ကြိုက်နေသောစကားဖြစ်သည်။ ထိုစကားသည် ဒဏ္ဍာရီစကား၊ ကုန်းတိုက်သည့်စကား၊ မှားယွင်းသည့်ဘာသာရေးစကားတို့ဖြစ်သည်။ ဒဏ္ဍာရီပုံပြင်တို့မှာ အမှန်စကားမဟုတ်၊ သို့သော်အများက ကြိုက်နှစ်သက်သည်။ ကုန်းတိုက်စကားသည်လည်း တစ်ဖက်သားတို့၏အပြစ်ကို မဟုတ်မမှန်ပြောခြင်းသာဖြစ်သည်။ သို့သော်အခြားတစ်ဖက်က ကြိုက်နှစ်သက်သည်။ မှားယွင်းသည့်ဘာသာရေးစကားသည်လည်း လူပိန်းကြိုက်ဖြစ်တတ်သည်။

တတိယတစ်ခွန်းမှာ  ဟုတ်မှန်၏။ အကျိုးတော့မရှိ။ သူများကလည်း မကြိုက်သည့်စကား ဖြစ်သည်။ ထိုစကားက သူခိုးကို သူခိုးဟုပြောသည့်စကားမျိုး၊ လူလိမ်ကို လူလိမ်ဟုပြောခြင်းမျိုး၊ မျက်မမြင်ကို မျက်စိကန်းဟု ပြောသည့် စကားမျိုးဖြစ်သည်။ ထိုသို့ပြောသည့်အတွက် ဘာမျှအကျိုးမရှိပါ။ အပြောခံရသူ၌ မခံချင်စိတ်ဖြစ်ပြီး စိတ်ဆင်းရဲရုံမျှသာဖြစ်သည်။

စတုတ္ထတစ်ခွန်းမှာ  အကျိုးတော့မရှိ၊ သူများကမူကြိုက်နေသည့်စကားဖြစ်သည်။ ထိုစကားမျိုးကားတစ်ဖက်ပုဂ္ဂိုလ်က တကယ်ပြော သည့်စကားကိုယူပြီး အခြားပုဂ္ဂိုလ်ထံ ကုန်းတိုက်သည့်စကား၊ မင်းအကြောင်းသူခိုးဓားပြအကြောင်း၊ မြို့ရွာအကြောင်း စသည်ကို ပြောသည့်စကားမျိုးဖြစ်သည်။ ဤသို့မှန်ကန်သည့်အကြောင်းအရာကိုပြောပြပြီး သက်ဆိုင်သူသည် မိမိအကျိုးအတွက်ပြောသည်ဟု ထင်ကာ သဘောကျတတ်သည်။

ပဉ္စမတစ်ခွန်းမှာ  ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ သူများကမူ မကြိုက်သောစကားဖြစ်သည်။ ထိုစကားကား “သင်ဟာရှေးဘဝက ကောင်းမှုကိုမပြုခဲ့တဲ့ မကောင်းမှုကိုပြုခဲ့သည့်အတွက် ဆင်းရဲဒုက္ခရောက်နေရသည်။ ယခုလည်း ကောင်းမှုမပြုဘဲ မကောင်းမှု ကိုပြုနေလျှင် အပါယ်လေးပါးကျသွားလိမ့်မည်” စသည်ဖြင့် အကျိုးစီးပွားကိုရှေးရှုပြီး ဆုံးမသည့်အနေဖြင့် ဟောပြောသည့် စကားမျိုး ဖြစ်သည်။ ထိုကဲ့သို့ တိုက်ရိုက်ပြောလျှင် ဟုတ်မှန်ပြီး အကျိုးရှိသောစကားဖြစ်သော်လည်း တချို့က မကြိုက်ဘဲရှိနေမည်။

ဆဋ္ဌမတစ်ခွန်းမှာ ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ သူများကလည်း ကြိုက်သောစကားဖြစ်သည်။ ထိုစကားကား ဒါနကထာ၊ သီလကထာ၊ ဘာဝနာကထာအစရှိသော မှန်ကန်သောတရားစကားပင်ဖြစ်သည်။ ထိုကဲ့သို့သောစကားသည် မှန်လည်းမှန်သည်။ အကျိုးလည်းရှိသည်။ ပညာရှိသူတော်ကောင်းတို့ကြားနာ၍ အားမရနိုင်အောင်ကြိုက်လည်းကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် ဟုတ်မှန်၏၊ အကျိုးရှိ၏၊သူများကကြိုက်၏ ဟူသော အင်္ဂါ (၃) ပါးနှင့်ညီသည့်စကားဖြစ်သည်။ ထိုစကားမျိုးကို ဟောပြောသင့် သည့်အချိန်၌ မြတ်စွာဘုရားသည် ဟောပြောတော်မူသည်။

ထို့ကြောင့် လူတိုင်းသည် လူအချင်းချင်းပြောဆိုဆက်ဆံရာ၌ ပြောသင့်သောစကား၊ မပြောသင့်သောစကားကိုစဉ်းစားတွေးခေါ်၍ ပြောဆိုဆက်ဆံသင့်သည်။ အကျိုးရှိသော တရားစကားဖြစ်သော်လည်း ပျော်ပွဲရွှင်ပွဲကျင်းပရာ၌ သွားဟောလျှင် မသင့်လျော်ချေ။ စီးပွားရေးအလုပ်ဌာန၌ သွားဟောလျှင်လည်းမသင့်လျော်ပေ။ မင်္ဂလာဆောင်၊ ရှင်ပြုအလှူအခမ်းအနားတို့၌ ကောင်းသောစကား၊ မင်္ဂလာရှိသောစကားပြောခြင်းသည် အံဝင်ခွင်ကျဖြစ်သော်လည်း မင်္ဂလာအခမ်းအနားတွင် အမင်္ဂလာစကားပြောလျှင်လည်း လွဲမှား လေသည်။

ထို့ကြောင့်စကားအရာအင်္ဂါလေးတန်ရှိသည်ဟု အစဉ်အဆက်သတ်မှတ်ကြသည်။ မဟုတ်တာကို လိမ်လည်မပြောရ။ ဟုတ်မှန် တာကိုသာ အမှန်အတိုင်းပြောရမည်။ ကွဲပြားရေး ကုန်းတိုက်စကားကိုမပြောရ။ညီညွတ်ရေးစကားကိုသာ ပြောရမည်။ နားမချမ်းသာ သည့် ဆဲဆိုကြိမ်းမောင်းစကားကို မပြောရ၊ နားဝင်ချိုသည့် သာသာယာယာစကားကိုသာပြောရမည်။ ထိုလေးတန်သောအင်္ဂါနှင့် ပြည့်စုံညီညွတ်သောစကားသည်သာ ကောင်းသောစကားဖြစ်သည်။ ထို့ကြောင့် လူတိုင်းစကားကောင်းကောင်းပြောကြပါစို့။   ။