စီးပွားရေးအတွက် ခရီးသွားလုပ်ငန်း

စီးပွားရေးအတွက် ခရီးသွားလုပ်ငန်း

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇူလိုင်  ၄  ရက်)

ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံအတွက် အားထားရသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသည် လာရောက်မှု လျော့နည်းခဲ့သည်။

၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ခရီးသည်ဝင်ရောက်မှုသည် ၂ဝ၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၇၉ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာလည်း ၈၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့သော ကိုဗစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများ၏ စီးပွားရေး ထိခိုက်နစ်နာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းခရီးသွား ကန့်သတ်မှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ၂ဝ၂ဝ ပြည့်နှစ်သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အဆိုးရွားဆုံးသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ နိုင်ငံတိုင်း အတွက် ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် အရေးပါလျက်ရှိပြီး သန်းပေါင်းများစွာသော အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော လုပ်ငန်းဖြစ်သည်။ ခရီးသွားလာမှု ဆွဲဆောင်နိုင်ရေး အတွက် မိမိတို့နိုင်ငံတိုင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်လာကြသည်။ မျိုးဆက်သစ်တို့ လက်ဆင့်ကမ်း ခံစားနိုင်ရေးအတွက် လူ့သက်တမ်းအစဉ်အဆက် ထိန်းသိမ်းခြင်းများ ဆောင် ရွက်လာကြသည်။

ခရီးသွားလုပ်ငန်းမှ ရရှိသည့်ဝင်ငွေသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး၏ တတိယအကြီးဆုံး ပို့ကုန်ကဏ္ဍလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်လာကြသည်။ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလဆန်းမှ စတင်ပိတ်သိမ်း ထားခဲ့သည့် ခရီးစဉ်များ၏ ၅၃ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်လာကြသည်။ ကမ္ဘာကြီးတွင် ကိုဗစ်-၁၉ ရောဂါသာ မဖြစ်ပွားခဲ့ပါက ခရီးသွားလုပ်ငန်းသည် အရှိန်အဟုန် မြင့်မားနေမည်ဖြစ်သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဟူ၍ဖော်ပြထား သည့်အတိုင်း စီးပွားရေး တိုးတက်စေရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးကို လုပ်ဆောင်လျက် ရှိသည်။ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် ဇွန် ၃ဝ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားရာတွင် ''ခရီးသွားလုပ်ငန်းသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုသော်လည်း ခရီးသွား ဧည့်သည်များကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနိုင်သည့်အတွက် ခရီးသွားလုပ်ငန်း ပြန်လည်စတင် ဆောင်ရွက်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပြုစုရေးဆွဲထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များကို အလေးထား လိုက်နာကြရန်''ထည့်သွင်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့်အပြင် ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်း လက်ရာများမှာလည်း အံ့မခန်းဖွယ် ရှိနေသောနိုင်ငံဖြစ်သည်။ နိုင်ငံအနှံအပြားတွင် ပြည်တွင်းပြည်ပခရီးသွား များ နှစ်သက်သဘောကျမည့် နေရာများ၊ အနားယူ အပန်းဖြေစခန်းများ၊ လှပသော တောင်ပေါ်ရှုခင်းများ၊ မြေပြင် ရေပြင်ရှုခင်းများမှာလည်း ရေတွက်၍ မဆုံးနိုင်အောင်ရှိလှသည်။ ပင်လယ်ကမ်းရိုးတန်းများ၏ သဘာဝအလှ များကလည်း ရှုကြည့်ငေးမော မဆုံးနိုင်အောင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံကို ရွှေနိုင်ငံဟု တင်စားလောက်အောင်ပင် ရွှေရောင်ဝင်းနေသော ဘုရားပုထိုးစေတီများကလည်း ကြည်ညိုမဆုံးအောင် ရှိလှသည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်းကိုသာ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ကြမည်ဆိုလျှင် နိုင်ငံ့စီးပွားရေး အခွင့်အလမ်းဖန်တီး ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစတင် တာဝန်ယူပြီးသည့် ကာလမှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ခွင့်ပြုခဲ့သည်။ ၂ဝ၂၁ ခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံခရီးစဉ်ဒေသများတွင် ပြည်တွင်း ခရီးသွားဦးရေ ၄၃၂၈၂၉ ဦးအထိ လည်ပတ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ဝန်ကြီးဌာနများအားလုံး၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူအားလုံးက လက်တွဲညီညီ ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်သည်။ ခရီးသွားများနှင့် ဒေသခံများ၏ လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး များသည်လည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးတွင် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များဖြစ်ပေသည်။ မည်သို့ပင် အခက်အခဲများရှိနေ စေကာမူ တိုင်းပြည်နှင့်လူမျိုး တိုးတက်ရေးကို ဆောင်ရွက်လိုသောစိတ်ဖြင့် ညီညီညာညာ ဆောင်ရွက်ကြမည် ဆိုပါက မြန်မာ့ခရီးသွား လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ကာ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။