စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ   ၂ဝ  ရက်)

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တွင် အရေးပေါ်ကာလ သတ်မှတ်ပြဋ္ဌာန်းချက်များ အရ အချိန်တိုအတွင်း တာဝန်ယူထားရသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ် ချမှတ်ကာ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားရေးအတွက် ဆောင်ရွက်နေပါသည်။ စီးပွားရေး ဦးတည်ချက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံ တော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဟူ၍ ရည်မှန်း ဆောင်ရွက်နေသည်။

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပင်လယ်ရေကြောင်းမှ ပြည်ပပို့ကုန်အနေဖြင့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလ ၁၂ ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်း စုစုပေါင်း ၃၄၄၉၄ဝ၅ တန် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ လယ်ယာထွက်ကုန် ဆိုရာဝယ် ဆန်နှင့် ဆန်ကွဲ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ နှမ်းအမျိုးမျိုး နှင့် အခြားသော လယ်ယာကိုင်းကျွန်း ထွက်ကုန်များကို ဆိုလိုခြင်းဖြစ်သည်။ ကုန်သွယ်လုပ်ငန်းရှင်များ၊ စက်မှုဇုန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲရှိပါက အချိန်နှင့် တစ်ပြေးညီ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီသို့ ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကိုလည်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး စီးပွားရေးနှင့် ပညာရေးတို့တွင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟု သတ်မှတ်ထားသည်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ စီးပွားရေးကျဆင်းမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် စီးပွားရေးကဏ္ဍ ဘက်စုံတိုးတက်အောင် ဆောင်ရွက်နေပါသည်။ စီးပွားရေး လုပ်ငန်းများတွင် မဖြစ်မနေ ဆောင်ရွက်နေရသည့် လုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်သည်။

လူတိုင်းသည် နေ့စဉ်အစာအာဟာရ ဖြည့်ဆည်းနေရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားသော နိုင်ငံဖြစ်သောကြောင့် ကမ္ဘာတွင် မြန်မာတို့ ကံကောင်းသည်ဟု ဆိုရပေမည်။ စိုက်ပျိုးမွေးမြူရေး ဆိုသည်မှာ ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်မှအဆင်ပြေပေလိမ့်မည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အရည်အသွေးပြည့်မီ၍ အထွက်နှုန်းကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များ ရရှိနေရန် လိုအပ်လှပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၁ဝ ရက်က ကျင်းပသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁ဝ/၂ဝ၂၁)တွင် အမှာစကား ပြောကြားရာ၌ ''မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့်တိရစ္ဆာန် အစာများအား ပြည်ပနိုင်ငံများမှ တင်သွင်းနေရမှုများ ရှိကြောင်း၊ နိုင်ငံအတွင်း တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ ပေါများစွာရှိသဖြင့် တိရစ္ဆာန်အစာစပ် လုပ်ငန်းများ ဆောင်ရွက်၍ ပြည်တွင်း၌ လုံလောက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှဝယ်ယူသုံးစွဲမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်များအား ပြည်တွင်း၌ သက်သာသော ဈေးနှုန်းများဖြင့် ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန် ဈေးနှုန်းများအား ပြည်သူများ ဈေးသက်သက်သာသာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးမှာ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် မှသာအောင်မြင်မည်ဖြစ်သည်။ တပ်မတော်အနေဖြင့် တပ်ပိုင်းဆိုင်ရာ စိုက်ပျိုးမွေးမြူရေးများကို အောင်မြင်အောင် စိုက်ပျိုးမွေးမြူလျက်ရှိသည်။ ပိုလျှံသော အသားငါးအသီးအရွက် ဥမျိုးစုံတို့ကိုလည်း ပြည်သူများ သက်သာချောင်ချိရေးအတွက် ရောင်းချပေးလျက်ရှိသည်။ တပ်မတော်သားတို့ စိုက်ပျိုးမွေးမြူရေး အောင်မြင်သည်ဆိုရာမှာ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် အောင်မြင်ခြင်းဖြစ်သည်။ ယခုနိုင်ငံတစ်ဝန်းလုံး စိုက်ပျိုးမွေးမြူရေး အောင်မြင်ရန်အတွက် အသေးစားချေးငွေ လုပ်ငန်းများဖြင့် လုပ်ဆောင်ပေးလျက် ရှိသည်။ ပြည်သူများအနေဖြင့် မိမိတို့ ရရှိထားသော ချေးငွေများကို မိမိတို့၏ လုပ်ငန်းများတွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းသည် တိုးတက်မှု လည်းရှိရမည်၊ အောင်မြင်မှုလည်း ရှိနေရပေမည်။ တိုးတက်အောင်မြင်မှု ရှိနေလျှင် အရည်အသွေးလည်း ပြည့်ဝလာပေလိမ့်မည်။ လယ်ယာထွက်ကုန်များ ပြည်ပသို့ပိုမို တိုးတက်များပြားစွာ တင်ပို့နိုင်လျှင် နိုင်ငံတော် အတွက်လည်း အကျိုးရှိသလို လုပ်ကိုင်သူများ အနေဖြင့် အကျိုးရှိမည်ဖြစ်သည်။ အနှစ်ချုပ်ရလျှင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းစီမှသည် အားလုံးတွင်တာဝန်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။