စုံစမ်းမေးမြန်းနိုင်ပါသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ  ၂၈  ရက်)

တပ်မတော်သားများ၏ ဂုဏ်သရေညှိုးနွမ်းအောင် မဟုတ်မမှန်စွပ်စွဲ သတင်းဖြန့်သူအား ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်အရေးယူသော သတင်းများ မကြာခဏ ကြားသိနေရသည်။ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ရာဇာဓိရာဇ်လမ်းနှင့် ကုန်သည်လမ်းပေါ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ငွေကြေးလိမ်လည် ယူဆောင်သွားသည်ဟု မဟုတ်မမှန် စွပ်စွဲပုတ်ခတ် သတင်းဖြန့်ဝေသူအား ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ခဲ့သည်။ ဖြစ်စဉ်မှာ မေ ၉ ရက်မွန်းလွဲ ၂ နာရီခန့်တွင် ဦးတင့်လွင်၏ သား နိုင်လင်းအောင်သည် ၎င်းစီးနင်းလာသည့် Light Truck မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၂၅ သိန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း အစ်မဖြစ်သူ မနီနီနွယ်နှင့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့အားလိမ်လည်ပြောဆိုခဲ့သည်။

ဖြစ်စဉ်အမှန်မှာ နိုင်လင်းအောင်သည် ငွေကျပ် ၂၅ သိန်းအား ၎င်း၏ရည်းစားဖြစ်သူ ဒဂုံမြို့သစ်(တောင်ပိုင်း) ၅၄ တိုးချဲ့ရပ်ကွက်ကျောင်း (၂)လမ်းနေ မအေးအေးသန်းအား ငွေကျပ် ၂၅ သိန်း ပေးခဲ့ခြင်းဖြစ်သည်။

မအေးအေးသန်းက ငွေကျပ် ၂၅ သိန်းမှငွေကျပ်သိန်း ၂ဝ ကို ၎င်းအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်ဖြစ်သူ ဦးရဲထွဋ်သို့ ပေးဆပ်ရန် ကျန်သည့်အကြွေးပေးဆပ်ခဲ့သည်။ နိုင်လင်းအောင်အနေဖြင့် သူ၏ အမေနှင့်အစ်မ ဖြစ်သူတို့အား အမှန်အတိုင်း မပြောရဲသောအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လွှဲချလိုက်ခြင်းဖြစ်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ အစ်မဖြစ်သူ မနီနီနွယ်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည့်အတွက် ဖြစ်ရပ်မှန်ပေါ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ အစ်မနှင့်အမေက မတိုင်ခဲ့လျှင် ငွေကျပ် ၂၅ သိန်းကို တပ်မတော်သားများ ယူထားသည်ဟုပင် ထင်မြင်နေပေလိမ့်မည်။

ယနေ့လူငယ်များတွင် ရိုးသားမှုကို တန်ဖိုးထားရမှန်းမသိသူ များပြားလာသည်မှာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ဖြစ်သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းအောင် မဟုတ်မမှန် သတင်းဖြန့်ချိသူကို ဖမ်းဆီးရမိသူ နောက်တစ်ဦးမှာ  မရတနာလှိုင်ဖြစ်သည်။ လှိုင်မြို့နယ် (၁၆)ရပ်ကွက် ပါရမီလမ်း အမှတ်(၆၃)၌နေထိုင်သူ အဘ ဦးစိန်လှိုင်၏သမီး မရတနာလှိုင်သည် မေ ၁၄ ရက်ညပိုင်းတွင် သူငယ်ချင်း လေးဦးနှင့် အတူ စားသောက်ဆိုင်တွင် စားသောက်စဉ် ၎င်း၏လက်ကိုင်ဖုန်း ပျောက်ဆုံးသွားခဲ့သည်။ ထိုပျောက်ဆုံးမှုကို အကြောင်းပြု၍ ၎င်း၏လက်ကိုင်ဖုန်းအပါအဝင် သူငယ်ချင်းများ၏ လက်ကိုင်ဖုန်းငါးလုံးကို ကမာရွတ်မြို့နယ် အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး လုံခြုံရေး တပ်ဖွဲ့များ၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေရန် သတင်းမှားဖြန့်ခဲ့သည်။ မရတနာလှိုင်ကိုယ်တိုင် ဝန်ခံတောင်းပန်ချက်ကို ရုပ်မြင်သံကြားက ပြသခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လိုသော မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရေးတို့ အတွက် နေ့ညမပြတ် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဖျက်အမှောင့် ဆောင်ရွက်လိုသူများက အဆိုပါ လှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ဖြန့်ချိခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

လုပ်ကြံစွပ်စွဲ သတင်းဖန်တီးသူ နောက်တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဖောင်ရိုးဆိပ် ကျေးရွာအုပ်စု ကတက်ကွင်း ကျေးရွာနေ ဦးကျင်ဖေ၏သမီး မဌေးဌေးဝင်း(ခ)ဌေးဌေးဖြစ်သည်။ ၎င်း၏ ငွေကျပ်၂၆ဝဝဝဝ၊ ရွှေလက်စွပ်တစ်ကွင်းနှင့် ရွှေနားကပ် တစ်ရန်တို့ကို ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များက သိမ်းယူခဲ့ကြောင်း မဟုတ်မမှန်သတင်းကို ၎င်းနေထိုင်ရာ ကျေးရွာအတွင်း ပျံ့နှံ့အောင် လုပ်ကြံစွပ်စွဲ သတင်းဖြန့်ချိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ကျေးရွာနေပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ဖြန့်ဝေပြောဆိုသူ ဌေးဌေးဝင်းကို မေ ၂၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျိုက်လတ်မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာ ကျဆင်းစေရန် မဟုတ်မမှန်သော သတင်းအမှားများကို ဖြန့်ချိနေသည်မှာ ဖြန့်ချိသူအတွက် အကျိုးရှိသည့် ကိစ္စမဟုတ်ပါ။ ဖြစ်ရပ်မှန် ပေါ်ပေါက်လျှင် မိမိတို့၏ ဂုဏ်သိက္ခာသာ ကျဆင်းပေလိမ့်မည်။ သတင်းအမှား ဖြန့်ချိသူများ၏ မိဘညီအစ်ကိုမောင်နှမများ အနေဖြင့် သက်ဆိုင်ရာ တပ်ဖွဲ့များသို့ ဖြစ်ရပ်မှန်ကို မေးမြန်းသင့်ပါသည်။ မေးမြန်းသူတိုင်းကို ကြိုဆိုလျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ အသိပေးဖြေရှင်းသည့် အတွက်ဖြစ်ရပ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။ လုံခြုံရေး ဆောင်ရွက်နေသူများသည် ပြည်သူလူထု၏ ကောင်းကျိုးကိုသာ သယ်ပိုးဆောင်ရွက်နေခြင်းဖြစ်ပေရာ မဟုတ်မမှန် သတင်းများ ကြားသိရပါက မည်သူမဆို ဖြစ်ရပ်မှန် သိရှိအောင် စုံစမ်းမေးမြန်းသင့်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။