တစ်ဖက်သတ်စွပ်စွဲမှုများကိုလက်မခံ

 

မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် ပြည်ပနိုင်ငံအချို့သည် အကောင်းမြင်စိတ်မရှိသည်ကိုတွေ့မြင်နေရသည်။ လက်ရှိမြန်မာနိုင်ငံတွင် အစွန်းရောက်စိတ်ဓာတ်ဖြင့် အကြမ်းဖက်နေသူများမှာ CRPH ၊ NUG နှင့်ထောက်ခံသူများဖြစ်သည်ကိုသိလျက်နှင့် နိုင်ငံတော်အစိုးရ ကပဲ ပြည်သူတွေကိုအကြမ်းဖက်နေသကဲ့သို့ပြောဆိုနေခြင်းများမှာတစ်ဖက်သတ်စွပ်စွဲချက်များဖြစ်သည်။

 အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတယ်ဟူသော စကားလုံးသုံးနေသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးနေကြသူမှာ ၎င်းတို့သာဖြစ်သည်။ အမှန်တကယ်အကြမ်းဖက်မှုတွေရပ်တန့်စေချင်ပါလျှင် အဆိုပါနိုင်ငံအချို့တွင် လက်ခံထားသော တရားခံပြေး အကြမ်းဖက်သမားများကို မြန်မာအစိုးရထံ ပြန်လည်လွှဲပြောင်းပေးသင့်သည်။

မြန်မာနိုင်ငံပျက်စီးရေးအတွက်ကိုသာရှေးရှုပြီး သတင်းအမှားများကိုအတည်ယူကာ ဖြစ်ရပ်မှန်နှင့်လွဲမှားနေသောစကားများသည် မြန်မာပြည်သူများအတွက် လုံးဝနားဝင်မချိုသောစကားများဖြစ်သည်။ လက်တွေ့တွင် အကြမ်းဖက်များကို အားပေး အားမြှောက်ပြုကာလက်ခံထားပြီး စနစ်တကျနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေသော မြန်မာအစိုးရကို ပုတ်ခတ်ပြောဆိုတိုက်ခိုက်နေခြင်းမျိုးကို မြန်မာပြည်သူများအနေဖြင့် ကန့်ကွက်ရှုတ်ချပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် မိမိနိုင်ငံ မိမိပြည်ထောင်စုကို ငြိမ်းချမ်းစွာတည်ဆောက်လျက်ရှိသည်။ အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသော အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိသည်။

နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် လူသားပီပီစိတ်ခံစားမှုဖြင့် နိုင်ငံတော်အစိုးရအားဆန့်ကျင်ခဲ့သူများသည်ပင် လက်ရှိနိုင်ငံတော် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် ထောက်ခံလာကြသည်။ စိတ်အသိနှင့်လက်တွေ့အမြင်များကွာခြားကြောင်း ကောင်းစွာနား လည်သဘောပေါက်လာကြသည်။ ထို့ကြောင့် နီးစပ်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများမှတစ်ဆင့် နိုင်ငံအတွင်းသို့လည်းကောင်း၊ မိမိတို့လုပ်ငန်းခွင်သို့ လည်းကောင်းပြန်လည်ဝင်လာကြပြီဖြစ်သည်။ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေကြသည့်ဝန်ထမ်းများ၊ အသိ ပညာရှင် အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ၎င်းတို့အပေါ်ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ သြဂုတ် ၁၂ ရက်နေ့အထိ ၂၂၇ ဦးဝင်ရောက်လာခဲ့ပြီးဖြစ်ရာ ၁၅၀ ဦးတို့၏အမှုများအား   ပိတ်သိမ်းပေးခဲ့ပြီး ကျန်ရှိသောအမှုများနှင့်ပတ်သက်၍လည်း အမြန်ပိတ်သိမ်းနိုင်ရေးဆောင်ရွက်နေကြောင်း သြဂုတ် ၁၄ နေ့ ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းသူပြည်သားကောင်းကျိုးအတွက်လုပ်ဆောင်နေသည်။ အကြမ်းဖက်အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် အဖျက်လုပ်ရပ်များ လုပ်ဆောင်သည်။ အကြမ်းဖက်တို့အဖျက်လုပ်ရပ်သတင်းများကိုဖော်ပြရလျှင် တစ်ထောင့်တစ်ည ပုံပြင်များကဲ့သို့ ပြီးဆုံးနိုင်မည်မဟုတ်ပေ။ ဖမ်းဆီးရမိကာ သတင်းထုတ်ပြန်ပေးလျက်ရှိသည်မှာလည်း မရေတွက်နိုင်အောင် များပြား လှသည်။ သြဂုတ် ၁၂ ရက်နေ့က ဖြစ်ရပ်တစ်ခုတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အကြမ်းဖက်သောင်းကျန်းသူများက ဆင်ခြင်တုံတရား ကင်းမဲ့ရက်စက်ယုတ်မာစွာ လုပ်ကြံပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရ သတင်းတစ်ခုဖော်ပြထားသည်။ ပြည်ပနိုင်ငံများတွင်နေထိုင်ကြသော အစွန်းရောက် အကြမ်းဖက်လိုသူများ၏ မြှောက်ပင့်သွေးထိုး လှုံ့ဆော်မှုများကိုနားယောင်ကာ ၎င်းတို့နှင့်နည်းတူ အကြမ်းဖက်လုပ်ရပ်များကို လိုက်ပါလုပ်ဆောင်ခြင်းမပြုဘဲ အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲကာ ရက်စက် ယုတ်မာစွာ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာပြုလုပ်လျက် ရှိကြောင်း အကြမ်းဖက်လုပ်ရပ်များက သက်သေပြလျက်ရှိသည်။ ပစ်သတ်ခံရသူကလေးငယ်မှာ (၈)လအရွယ်သာရှိသေးသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အမျိုးသမီးသည် အကြမ်းဖက်သမားတို့၏ ယုတ်မာ ရိုင်းစိုင်းမှု၊ လူစိတ်မရှိမှု၊ လူသတ်၊ မိုင်းခွဲလုပ်နေမှုတို့ကို ထဲထဲဝင်ဝင် သိရှိသင့်ပါသည်။ မြန်မာနိုင်ငံအတွက် ခွဲတမ်းချပေးသော ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ်များကို လေ့လာမိသလောက် မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်းသားတို့ ကောင်းကျိုးကို ရှေးရှု ဆောင်ရွက်သူ လွန်စွာနည်းလှသည်။ လက်ရှိမြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်သည် ၁၀-၈-၂၀၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့သည်။ ၎င်းအနေဖြင့်ပြောကြားရာတွင် အကြမ်းဖက်သမားတို့၏လူမဆန်သော တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံ၏အခြေအနေကို ပြင်ပမှဝင်ရောက်စွက်ဖက်လိုသူများဘက်မှ ချဲ့ကားပြောကြားခဲ့သည်။ သူ့အား ပေးအပ်ထားသောတာဝန်နှင့်လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ မဆောင်ရွက်သည့်အပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများကိုချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ခဲ့သည်။ အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့် သတင်းအချက်အလက်များအပေါ်အခြေခံကာ တစ်ဖက်သတ်စွပ်စွဲမှုများကို လက်မခံ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ကို ကြိုဆိုပါကြောင်းရေးသားလိုက်ရပေသည်။   ။