တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်   ၁၈  ရက်)

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ဆောင်ပုဒ် ပေါ်ထွန်းခဲ့သည်မှာ နှစ်ကာလအားဖြင့် ရှည်ကြာခဲ့ပြီဖြစ်သည်။ နှစ်ကာလတွေ မည်သို့ပင်ရှည်ကြာပါစေ နိုင်ငံအတွက် မရိုးနိုင်သော အသိပေး ဆောင်ပုဒ်တစ်ခုဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံအတွက် ထိုနိုင်ငံရှိ တပ်မတော်သည် အင်အားတောင့်တင်း ခိုင်မာကျစ်လျစ်မှုမရှိလျှင် ထိုနိုင်ငံ၏ အနာဂတ်သည် ဘေးဒုက္ခများစွာနှင့် ရင်ဆိုင်နေရပေလိမ့်မည်။ မြန်မာတို့အတွက် သမိုင်းသင်ခန်းစာပေါင်း များစွာရှိခဲ့ပြီးဖြစ်သည်။ တပ်မတော် အင်အားရှိသည့်အခါတိုင်း မြန်မာတို့ ဂုဏ်သိက္ခာမြင့်မားခဲ့သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်များ ပေါ်ထွန်းခဲ့ခြင်း သမိုင်းကြောင်းမှာ ရှေးအစဉ်အဆက် ဘိုးဘေးဘီဘင်များက လုပ်ကြံဖန်တီး ရေးသားခဲ့သော သမိုင်းမဟုတ်ပါ။

ထို့အတူ တပ်မတော်အင်အား မရှိသောအခါ သို့တည်းမဟုတ် စွမ်းရည်မရှိသောအခါ ပထမမြန်မာနိုင်ငံတော်သည် နရသီဟပတေ့မင်း လက်ထက်တွင် လည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်သည် ဟံသာဝတီရောက်မင်း လက်ထက်တွင် လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်သည် ရတနာဂီရိရောက်မင်း လက်ထက်တွင်လည်းကောင်း  ပြိုကွဲသွားခဲ့သည်။ ဤသည်မှာလည်း သမိုင်းအစစ်အမှန်ဖြစ်သည်။ ဤဖြစ်ရပ်များကို သုံးသပ်ကြည့်လျှင် နိုင်ငံတစ်ခုအတွက် တပ်မတော်သည် အင်အားရှိနေမှဖြစ်မည် ဟူသော အဖြေမှန်ကိုရရှိသည်။

လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးရရှိပြီး သမိုင်းဖြစ်စဉ်များတွင်လည်း ထိုအဖြေသည် မှန်ကန်လျက်ရှိကြောင်း တွေ့မြင်ရပေမည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါမှု၊ သယံဇာတပေါကြွယ်မှုတို့ကြောင့် ပြည်ပနိုင်ငံ အချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိသည်။

ထိုသို့ခြယ်လှယ်နိုင်ရန်အတွက် သူတို့အဓိက လုပ်ဆောင်ရမည်မှာ မြန်မာ့တပ်မတော် ပြိုကွဲရေး၊ အင်အားချည့်နဲ့ရေးဖြစ်သည်။ ဤသည်ကို မျိုးချစ်စိတ်ရှိသူ ခေါင်းဆောင်တိုင်းက သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ၂ဝဝ၈ ခုနှစ်တွင် အတည်ပြုရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ ထည့်သွင်းထားခြင်းဖြစ်သည်။ ပုဒ်မ ၂ဝ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သောခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်မှာ တပ်မတော်အင်အား ရှိနေစေရေးဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိနေရေးကို မျှော်မှန်းပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသူများမှာ ဉာဏ်အမြော်အမြင် လွန်စွာနည်းပါးသူများဖြစ်သည်။ အနောက်နိုင်ငံအချို့က မြန်မာနိုင်ငံတွင် တပ်စခန်းဖွင့်ရန် ကြိုးစားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၂(ခ)တွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟူ၍ အတိအလင်း ထည့်သွင်းရေးဆွဲထားသည်။ ပုဒ်မ ၂ဝ (က)နှင့် ပုဒ်မ ၄၂ (ခ)တို့သည်  မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် ပြဋ္ဌာန်းခြင်းဖြစ်သည်။ ဤပြဋ္ဌာန်းချက်မှန်ကန်ကြောင်း ယနေ့အချိန်အခါတွင် တွေ့မြင်နေရသောကမ္ဘာ့သတင်းများက အတည်ပြုနေသည်။ သက်သေပြစရာ နိုင်ငံပေါင်းများစွာရှိသည့်အနက် ယခုလတ်တလော ဖြစ်ပျက်နေသော နိုင်ငံတစ်နိုင်ငံကို မီးမောင်းထိုးသက်သေပြလိုပါသည်။

သြဂုတ် ၁၄ ရက် နိုင်ငံတကာ သတင်းတစ်ပုဒ်တွင် ''အမေရိကန်ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့များက အာဖဂန်နစ္စတန်နိုင်ငံအတွင်း နှစ်ပေါင်း ၂ဝ ကြာ တပ်စွဲပြီးနောက် ယခုအခါ ထိုနိုင်ငံမှ ပြန်လည်ထွက်ခွာနေသည့် အတွက် တာလီဘန်တို့က နိုင်ငံ၏ ပိုင်နက်နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်လာသည်။ ယခုကဲ့သို့ဖြစ်ပွားမှုသည် ကမ္ဘာ့အင်အားကြီး နိုင်ငံအတွက် မျက်နှာပျက် အရှက်ရဖွယ်ဖြစ်ကြောင်း သံတမန်များကယူဆထားသည်။ လက်ရှိတွင် တာလီဘန်တို့၏ ကြီးမားလှသည့် တိုက်စစ်အဟုန်ကို အာဖဂန်နစ္စတန် အစိုးရ အပါအဝင် အနောက်နိုင်ငံများက အံ့အားသင့်ရသည်'' ဟု ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့များက သြဂုတ်လကုန်ပိုင်းတွင် အပြီးတိုင် ဆုတ်ခွာကြမည် ဖြစ်သည်။ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေသော အာဖဂန်နစ္စတန် နိုင်ငံသားများ၏ သတင်းပုံရိပ်များကို နိုင်ငံတကာ သတင်းမီဒီယာများတွင် သနားစဖွယ်တွေ့မြင်နေကြရသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဟူသော အဆိုကို လက်တွေ့မျက်မြင် သက်သေပြလိုခြင်းကြောင့်သာ ဖော်ပြခြင်းဖြစ်သည်။ ဤသည်ကို သင်ခန်းစာယူလျက် တပ်မတော်ပြိုကွဲရေးကို  ကြိုးပမ်း လုပ်ဆောင်နေသူများ၏ အန္တရာယ်ကို  ကာကွယ်တိုက်ဖျက်ကြပါ။ မြန်မာနိုင်ငံတွင် မရှိမဖြစ်သော တပ်မတော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း ''တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်'' ဖြစ်အောင် ကြိုးပမ်းကြပါဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။   ။