တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့မှုနှင့် နိုင်ငံပိုင် အဆောက်အဦအား မီးရှို့ဖျက်ဆီးမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီး ချမှတ်

နေပြည်တော်၊ ဇွန် - ၂၅
    
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်နေ သူဇာ(ခ)ရှမ်းမ(ဘ)ဦးစိုးမြင့် သည် ဖေဖော်ဝါရီ ၅ ရက်နေ့မှ ဧပြီ ၂၈ ရက်နေ့ထိ ကာလများအတွင်းခန့်တွင်  လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာတဝိုက်ရှိ တောင်ကုန်းပေါ်၌ လူအင်အား (၃၀)ဦးခန့်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် လုပ်ငန်းအဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊ သောင်းကျန်းသော နည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန်(သို့မဟုတ်) ဖျက်ဆီးရန် သင်တန်း တက်ရောက်သင်ကြားခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) အရ ၎င်းအား ဇွန် ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်” အမိန့်ကို ချမှတ်လိုက်သည်။
    
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မေသူ(ဘ) ဦးအောင်မြင့်နှင့် ရဲဆွေ(ဘ)ဦးချစ်ဆွေ တို့သည် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင် ပစ္စည်းမှန်းသိပါလျက်နှင့် ပြည်သူပိုင်ပစ္စည်းကို မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၆(၁) အရ ၎င်းတို့အား ဇွန် ၂၄ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
    
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ရဲဆွေ(ဘ)ဦးချစ်ဆွေ သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။